မုဒုံ ဇန်နဝါရီ ၁၂
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ် အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်း ကျောင်းတွင် ယမန်နေ့မွန်းလွဲ ၃ နာရီက ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့် ကျန်းမာရေး အသိပညာပေးဆိုင်ရာ ဟောပြောပွဲကို အဆိုပါ သင်တန်းကျောင်း၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ မုဒုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင့်ဇော်က ဥပဒေအကြောင်း ကျူးလွန်သူပိုင်း ဆိုင်ရာ၊ အမျိုးသမီးများ မိမိကိုယ်ကို အကာအကွယ်ဖြစ်စေရန်နှင့် ဗဟုသုတများ ရရှိစေရန် ရည်ရွယ်၍ ဟောပြောပွဲကို ပြုလုပ်ရခြင်းဖြစ်ကြောင်း ပြောကြား ပြီး မုဒုံမြို့နယ် မြို့မရဲစခန်းမှ ဒုရဲအုပ်အောင်အောင်နှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးအောင်မော်တို့က လူကုန်ကူးမှု တားဆီးကာကွယ်ရေးဆိုင်ရာ အကြောင်းများတို့ကို ဟောပြောသည်။
ဆက်လက်၍ မုဒုံမြို့နယ်ဥပဒေရုံးမှ ဦးစီးအရာရှိ ဦးသန်းဝင်းမောင်က ကလေးသူငယ်အခွင့်အရေး များဆိုင်ရာ ဥပေဒ၊ နည်းဥပဒေများ ပစ်မှုပစ်ဒဏ်များအကြောင်း၊ လူကုန်ကူးမှု ပစ်မှုပစ်ဒဏ်များ အကြောင်း စသည့်ဥပဒေရေးရာဆိုင်ရာ သိကောင်းစရာတို့ကို အကျယ်တဝင့်ရှင်းလင်း ဟောပြောသည်။ ယင်းနောက် မုဒုံမြို့နယ် ကျောင်းကျန်းမာရေးဌာန ကျောင်းလူမှုဆက်ဆံရေးမှူးက လူသား တိုင်းများအတွက် အရေးကြီးသည့် ကျန်းမာရေးကို ကောင်းမွန်အောင် ဘယ်လိုနေထိုင်ရမည့် အကြောင်းနှင့် ဆယ်ကျော် သက်အရွယ် လိင်ပိုင်းဆိုင်ရာအကြောင်းများတို့ကို ဟောပြောခဲ့သည်။
အဆိုပါ ဟောပြောပွဲသို့ မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက် ရေးအသင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ် တွင်းမှုသက်မွေး လုပ်ငန်း ပညာသင်တန်း ကျောင်းမှ ကျောင်းအုပ်ဆရာမကြီးနှင့် သင်တန်းနည်းပြ ဆရာမများ၊ သင်တန်းသူ (၄၀) ဦးတို့က တက်ရောက်ခဲ့ကြကြောင်း သိရသည်။
အောင်မျိုးသူ(ပြန်/ဆက်)