ကျိုက်မရောမြို့နယ်အတွင်းရှိ ကျေးရွာစာ​ကြည့်တိုက်များသို့ သုတ/ ရသစာအုပ်များ ပေးအပ်လှူဒါန်းပွဲ ကျင်းပ

ကျိုက်မရော     ဇန်နဝါရီ   ၁၂

မွန်ပြည်နယ် စာကြည့်တိုက်များဖောင်ဒေးရှင်းမှ ကျိူက်မရောမြို့နယ်အတွင်းရှိ ရှင်သန်ခိုင်မာသော ကျေးရွာစာကြည့်တိုက်များသို့ ဖြန့်ဝေရန်အတွက် လှူဒါန်းထားသည့် သုတ/ ရသစာအုပ်များအား ထပ်ဆင့်လှူဒါန်းပွဲအခမ်းအနားကို ယနေ့နံနက် (၁၀)နာရီက လူထုအခြေပြုဗဟိုဌာန ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ စာအုပ်လှူဒါန်းပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ချိုမြတ်မြတ်ထွေးက စာအုပ်များ လှူဒါန်းပေးအပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားရာတွင်ကျေးရွာများတွင် စာကြည့်တိုက်များရှိသော်လည်း စာအုပ်များ နည်းပါးသဖြင့် စာဖတ်သူနည်းပါးရခြင်းဖြစ်ကာ ယခုကဲ့သို့ စာအုပ်စာစောင်အသစ်များ ပေးအပ်လှူဒါန်းပေးခြင်းဖြင့် စာကြည့်တိုက်များ တွင် စာပေလေ့လာဖတ်ရူသူ တိုးတက်များပြားလာမည်ဖြစ်ကြောင်း တန်ဖိုးရှိသော စာအုပ်စာပေများကို ပြည်သူ လူထုလေ့လာ ဖတ်ရူနိုင်စေရန် ရည်ရွယ်ချက်ဖြင့် ရှင်သန်ခိုင်မာနေသော စာကြည့်တိုက်များကို ရွေးချယ်လှူဒါန်းပေးရခြင်းဖြစ်ကြောင်း ရှင်းလင်း ပြောကြားခဲ့သည်။

ဆက်လက်၍ ကျိုက်မရောမြို့နယ်အတွင်းရှိ မယ်ကရိုကျေးရွာ(မြတ်စွယ်တော်) စာကြည့်တိုက်၊ သိမ်ဖြူကုန်းကျေးရွာ(ပညာ့ဗိမာန်) စာကြည့်တိုက် ကလိုင်းကနိုင်ကျေးရွာ(ပန်းတိုင်သစ်) စာကြည့်တိုက်၊ ရှင်စောပုရပ်ကွက်မှ ပညာအလင်းတိုက် စာကြည့်တိုက်များအား တစ်တိုက်လျှင် သုတ/ရသစာအုပ်မျိုးစုံ အုပ်(၅၀)စီ ပေးအပ်လှူဒါန်းခဲ့ရာ သက်ဆိုင်ရာ စာကြည်တိုက်ကော်မတီဝင်များနှင့် စာကြည့်တိုက်မှူးများက လက်ခံရယူခဲ့ပြီး ကျေးဇူးတင်စကားများ ပြန်လည်ပြောကြားခဲ့ကြကြောင်း သိရသည်။
ချိုမြတ်မြတ်ထွေး