နိုင်ငံသားတိုင်း လူမှုဘဝပြည့်စုံဖို့ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားကတ်ဆောင်ရွက်ပေးရေး လုပ်ငန်းစဉ်များ ရှင်းလင်းဆွေးနွေး

ရမည်းသင်း  ဇန်နဝါရီ ၁၂

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့” ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်ဖြင့် ကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုး ထုတ်ပေးနိုင်ရေးအတွက်  ရပ်ကွက်၊ ကျေးရွာများ အရောက် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ကွင်းဆင်း ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိသလို  ပန်းခင်းစီမံချက်အကြောင်းအရာများနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြား ဆောင်ရွက်ပေးရေးလုပ်ငန်းစဉ်များ ရှင်းလင်းဆွေးနွေးပွဲကို ယနေ့နံနက် ၁၀နာရီက ရွာတန်းကျေးရွာ သစ္စာရတနာခန်းမ၌ ကျင်းပပြုလုပ်သည်။

အဆိုပါပန်းခင်းစီမံချက် အသိပညာပေးဆွေးနွေးပွဲတွင် ရမည်းသင်းခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဉက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်ထွန်းက အမှာစကားပြောကြား ပြီးရမည်းသင်းခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ခရိုင်ဦးစီးမှူး ဦးကျော်စွာမြင့်က ပန်းခင်းစီမံချက်ဖြင့် ကိုင်ဆောင်သင့်သည့် ကတ်ပြား တစ်မျိုးမျိုးရရှိနိုင်ရေးအတွက် ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးနေမှု အခြေအနေများ၊ နိုင်ငံသားစိစစ်ရေးကတ်ပြား၏ အရေးကြီးပုံနှင့် စနစ်တကျ ကိုင်ဆောင်ထိန်းသိမ်းရန် လိုအပ်ပုံများကို ရှင်းလင်းပြောကြားကာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမောင်ရွှေသိန်းက ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးနေသော ကတ်ပြားတစ်မျိုးမျိုးရရှိရေးအတွက် နိုင်ငံသားတိုင်းအားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်ရန် လိုအပ်ပါကြောင်းကို ရှင်းလင်း ပြောကြားသည်။

ထို့နောက် ရွာတန်းသဲကျွန်းအုပ်စုရှိ ကျေးရွာ(၁၀)မှ နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသူများက သိရှိလိုသည်များနှင့် ပြောင်းရွေ့ရောက်ရှိလာသူများ၏ အခက် အခဲကိုဆွေးနွေးတင်ပြကြရာ ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ခရိုင်ဦးစီးမှူးက အခက်အခဲများအား ပြေလျော့ကာ ဆောင်ရွက်ပေးရန်တို့ကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။

ဇော်ဝင်းအောင်(ခရိုင် ပြန်/ဆက်)