သထုံ ဇန်နဝါရီ ၁၂
မွန်ပြည်နယ်၊ သထုံခရိုင်အတွင်းရှိ မြို့နယ်များအတွင်း အရေးပေါ်အောက်ဆီဂျင်ရရှိရေး အထောက်အကူပြုနိုင်ရေးအတွက် သထုံမြို့ရှိ အနှိုင်းမဲ့ မေတ္တာသွေးနှင့်အောက်ဆီဂျင် အခမဲ့ကူညီရေးအသင်းမှ အများပြည်သူ ထည့်ဝင်လှူဒါန်းမှုဖြင့် တည်ဆောက်ထားသည့် အောက်ဆီဂျင်စက်ရုံ သစ်မှအောက်ဆီဂျင်အိုးများကို နေ့စဉ်အခမဲ့ လှူဒါန် ဖြန့်ဖြူးပေးလျက်ရှိကြောင်းသိရသည်။
"ပြီးခဲ့တဲ့နှစ် ကိုဗစ်ကာလမှာ အောက်ဆီဂျင်လိုအပ်ချက်က အရမ်းမြင့်တက်ခဲ့တယ်၊ ပထမစက်ရုံနဲ့ မလုံလောက်တော့တာနဲ့ အခု ဒုတိယစက်ရုံထပ်ပြီး ဆောက်ရတယ်၊ ဒီစက်ရုံက တစ်ရက်ကို ၄၀ လီတာအိုးပေါင်း ၃၂၀ လောက်ထွက်တယ်ဆိုတော့ အဆင်ပြေတာပေါ့၊ လက်ရှိအချိန်မှာ လာယူတဲ့အရေအတွက်က အရင်ကိုဗစ်ဖြစ်တာမြင့်တဲ့အချိန်ကလောက် မများတော့ပေမယ့် နေ့စဉ်ဘဲ ဖြန့်ဝေပေးနေရပါတယ်" ဟု အနှိုင်းမဲ့မေတ္တာ သွေးနှင့်အောက်ဆီဂျင် အခမဲ့ ကူညီရေးအသင်းမှ တာဝန်ရှိသူက ပြောသည်။
လက်ရှိအချိန်တွင် သထုံခရိုင်အတွင်းရှိ လူမှုကူညီရေးအသင်းများ ပြည်သူ့ဆေးရုံများ၊ အနီးဝန်း ကျင် ဒေသများရှိ ပြည်သူ့ဆေးရုံများ၊ ရပ်ရွာအတွင်းရှိ ပရဟိတအဖွဲ့များနှင့် အောက်ဆီဂျင် လိုအပ်သူများတို့ထံ ၁၀ လီတာဆံ့အိုး ၂၀ ခန့်၊ ၁၅ လီတာဆံ့အိုး ၂၀ ခန့်နှင့် ၄၀ လီတာဆံ့အိုး ၃၀ ခန့်တို့အား နေ့စဉ် ဖြန့်ဖြူးပေးနေရကြောင်း သိရသည်။
အနှိုင်းမဲ့မေတ္တာ သွေးနှင့်အောက်ဆီဂျင် အခမဲ့ ကူညီရေးအသင်းအနေဖြင့် အောက်ဆီဂျင် ဖြန့်ဖြူးပေးရာတွင် ပထမဦးစားပေးအနေဖြင့် သထုံခရိုင်အတွင်းရှိ ပြည်သူ့ဆေးရုံ ၆ ရုံ၊ ဒုတိယအနေဖြင့် သထုံမြို့နယ်အတွင်းရှိ လူမှုကူညီရေးပရဟိတအသင်း ၃၀ ကျော်နှင့် သထုံခရိုင် အတွင်းရှိ လူမှုကူညီရေးအသင်များတို့ထံ ဖြန့်ဝေပေးနေပြီး မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်အတွင်း အောက်ဆီဂျင်စက်ရုံ တည်ဆောက်ခြင်း မရှိသောမြို့နယ်များ၊ တည်ဆောက်နေသော်လည်း ပြီးစီးမှုမရှိသေးသော မြို့နယ်များရှိ ပြည်သူ့ဆေးရုံများအတွက် အောက်ဆီဂျင်လိုအပ်မှု များကိုအသင်းသို့ လာရောက်ဆက်သွယ် အကူအညီတောင်းခံနိုင်ကြောင်း အသင်းတာဝန်ရှိသူများထံမှ သိရသည်။
ကိုကိုဦး(ပြန်/ဆက်)