ကျောက်မဲ ဇန်နဝါရီ ၁၂
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့နှင့် ရပ်ကွက်တာဝန်ရှိသူများက မြို့နယ်အတွင်း ဒေသခံ ပြည်သူများ ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးနှင့် ကာကွယ်ဆေးများ မဖြစ်မနေ ထိုးနှံကြရေး အသိပေးနှိုးဆော်ခြင်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက မြို့ပေါ်နှင့်ကျေးရွာအုပ်စုသို့ သွားရောက်ပြီး အသံချဲ့စက်ဖြင့် အသိပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ အသံချဲ့စက်ယာဉ်ဖြင့် အသိပညာပေးနှိုးဆော် ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့က ဒေသခံပြည်သူများ ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ်နိုင်ရန်အတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အခြေခံစည်းကမ်းများအတိုင်း မိဘပြည်သူများ အနေဖြင့် တတ်နိုင်သမျှ အိမ်တွင်း ၌သာ နေထိုင်ကြရန်၊ နေအိမ်ပြင်ပသို့ သွားရောက်ရန်ရှိပါက ပါးစပ်နှင့်နှာခေါင်းစည်း(Mask) မဖြစ်မနေ စနစ်တကျတပ်ဆင်သွားလာကြရန်၊ လက်ကို စက္ကန့်(၂၀)ကြာ စနစ်တကျ ဆေးကြောကြရန်၊ လူစုလူဝေး ပြုလုပ်ခြင်းများကို ရှောင်ကြဉ်ကြရန်၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွါခွါ နေထိုင်သွားလာကြရန်၊ ရောဂါပိုးကူးစက် ခံရသည်ဟု သံသယရှိပါက နီးစပ်ရာ ကျန်းမာရေး ဌာနများသို့ ဆက်သွယ်၍ ဆေးကုသမှုခံယူကြရန်နှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို (၂)ကြိမ် စလုံးပြည့်မီအောင် ထိုးနှံကြရန်လှည့်လည်ကာ အသိပေးနှိုးဆော်ဆောင်ရွက် ခဲ့ကြကြောင်း သိရသည်။
ကျောက်မဲမြို့နယ်တွင် ဇွန် ၂၂ ရက်နေ့မှ ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၁၂ ရက်နေ့ နေ့လယ် ၁၂ နာရီ အထိ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသူပေါင်း ၁၈၉၄ ဦး၊ ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ ၁၀၇ ဦး ရှိပြီဖြစ်ကြောင်း ကျန်းမာရေးဌာနမှ သိရသည်။
မိုင်းထွန်း(ပြန်/ဆက်)