မိုင်းလုံ ဇန်နဝါရီ ၁၂
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ပန်းခင်း စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်(၉)နာရီက သွားလာရခက်ခဲသော နမ့်ဖန်း ကျေးရွာနေ ပြည်သူများ မိုင်းလုံမြို့ရုံးတွင် လာရောက် ဆောင်ရွက်ခဲ့ကြသည်။
၄င်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် ကျေးရွာသူကြီးတို့အား ညှိနှိုင်း၍ ကျေးရွာနေပြည်သူများအား မိုင်းလုံမြို့ လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနရုံးတွင် လာရောက်ဆောင်ရွက်ရာ လဝက ဦးစီးမှူးနှင့် ဝန်ထမ်းများက အိမ်ထောင်စု အသစ်များပြုလုပ်ပေးခြင်း၊ မွေးတိုးများကိုဖြည့်သွင်းပေးခြင်း၊ သေဆုံးသူများကို အိမ်ထောင်စုစာရင်းမှဖျက်ပေးခြင်း၊ နိုင်ငံသား စိစစ်ရေးကတ်ပြား ပျောက်ဆုံး/ ပျက်စီးသူများကို နိုင်ငံသားစိစစ်ရေးကတ်ပြားပြန်လျောက်စေခြင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြား မပြုလုပ်ရသေးသူများကို အသစ်ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ကျေးရွာနေပြည်သူများမှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ကိုင်ဆောင်လက်မှတ်မရှိသူ အမျိုးသား(၉)ဦး အမျိုးသမီး(၁၂)ဦး စုစုပေါင်း (၂၁)ဦးနှင့် အိမ်ထောင်စု (၇)စုတို့အား ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့် အညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ရာတွင် သွားလာရ အဆင်ပြေသော ကျေးရွာများကို ရွာအရောက် ကွင်းဆင်းဆောင်ရွက်ပေးပြီး အချို့ကျေးရွာများသည် သွားလာရန် အခက်အခဲ အမျိုးမျိုးရှိသောကြောင့် ကျေးရွာအုပ်ချုပ်ရေးမှူး များနှင့် ကျေးရွာသူကြီးများကို ဆက်သွယ်ညှိနှိုင်း၍ ယခုလို မိုင်းလုံမြို့ ရှေ့တန်းရုံးတွင် ဆောင်ရွက်ပေးကြောင်းကို လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မိုင်းလုံမြို့ ရှေ့တန်းရုံးက တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရသိရသည်။
ဇော်ဇော်