မော်လမြိုင် ဇန်နဝါရီ ၁၂
၂၀၂၂ခု နှစ်၊ မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၁၀)မြို့နယ် အသက်(၂၅)နှစ် အောက် အမျိုးသား၊ အမျိုးသမီး မြန်မာ့သိုင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၈ နာရီက မော်လမြိုင်မြို့ ဖက်တန်းရပ်၊ ပြည်နယ်အားကစားခန်းမတွင် ကျင်းပခဲ့ရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ပြိုင်ပွဲဝင် အားကစားသမားများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က ယခုပြိုင်ပွဲသည် မွန်ပြည်နယ်တွင် ပထမဆုံး ကျင်းပသည့် ပြိုင်ပွဲဖြစ်ကြောင်း၊ ပြိုင်ပွဲကျင်းပရခြင်း ရည်ရွယ်ချက်သည် ၂၀၂၂ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း နေပြည်တော်၌ ကျင်းပပြုလုပ်မည့် တိုင်းဒေသကြီး၊ ပြည်နယ်အဆင့် ပါဝင်ယှဉ်ပြိုင်နိုင်ရေး မွန်ပြည်နယ်အနေဖြင့် လက်ရွေးစင် အားကစားသမားကောင်းများ အဆင့်အတန်းမီစွာ အရည်အချင်းရှိသည့် ပြိုင်ပွဲဝင် အားကစားသမားကောင်းများ ပေါ်ထွက်လာစေရေး၊ "မြန်မာတိုင်းသိုင်းတတ်ရမည်" ဆိုသည့် ဆိုရိုးစကားနှင့်အညီ မြန်မာ့ရိုးရာ အခြေခံသိုင်းပညာအား နိုင်ငံတော်အားကစားအဖြစ် သတ်မှတ်၍ ကျယ်ကျယ် ပြန့်ပြန့် လေ့ကျင့်သင်ကြား စေလိုကြောင်း၊ နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးရေးသည် အနာဂတ် တာဝန်များ ပခုံးပြောင်းတာဝန်ယူမည့် လူငယ်၊ လူရွယ်များ ကျန်းမာကြံ့ခိုင်မှု၊ အရည် အချင်းပြည့်ဝမှုနှင့် စိတ်ဓာတ်ရေးရာမြင့်မားမှု ဘက်စုံ၊ထောင့်စုံမှ အရည်အသွေး မြှင့်တင်ပေးရန်လို ကြောင်း၊မြန်မာ့သိုင်းပညာရပ်ကို မြန်မာ့ရိုးရာအမွေအနှစ် ကိုယ်ခံပညာ တစ်ရပ်အဖြစ် အလေးအနက်ထား ထိန်းသိမ်းစောင့်ရှောက်စေလိုကြောင်း၊ မြန်မာ့ရိုးရာ ကိုယ်ခံသိုင်းပညာရပ်ကို မပျောက်ပျက် သွားစေရေး ပညာရှင်အချင်းချင်း စည်းလုံး ညီညွှတ်စွာ ဝိုင်းဝန်းထိန်းသိမ်း စောင့်ရှောက် စေလိုကြောင်း ပြောကြားသည်။
ဆက်လက်ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အားကစားသမားများ၏ အားကစားသစ္စာ အဓိဌာန်ရွတ်ဆိုမှု နှင့် ပြိုင်ပွဲဝင် တစ်ဦးချင်းအလိုက် သိုင်းပညာရပ်များအား သရုပ်ပြပေးမှုကို ကြည့်ရှုအားပေးသည်။
အဆိုပါ မြန်မာ့သိုင်းပြိုင်ပွဲကို မွန်ပြည်နယ်(၁၀)မြို့နယ်မှ ပြိုင်ပွဲဝင် အားကစားသမား (၆၀)ဦးတို့က အမျိုးသား၊ အမျိုးသမီး(၁)ဦးချင်းအလိုက် ဓားတစ်လက်ပြိုင်ပွဲနှင့် အမျိုးသား၊အမျိုးသမီး အုပ်စုအလိုက်(၆၃)မောင်းပညာ စဉ်ပြိုင်ပွဲတို့ကို ပါဝင်ယှဉ်ပြိုင်ကြမည် ဖြစ်သည်။
မွန်ပြည်နယ်အနေဖြင့် မြန်မာ့အားကစား အဆင့်အတန်း တိုးတက်မြင့်မားစေရေး အမျိုးသားရေး တာဝန် တစ်ရပ်အဖြစ်ခံယူ၍ အားကစားနည်းအလိုက် ဆပ်ကော်မတီများ၏ တက်ကြွစွာ ပူးပေါင်းလုပ်ဆောင်မှု၊ အားကစားသမားများ၏ ဇွဲ၊ စိတ်ဓာတ်၊ လုံ့လဖြင့် ယှဉ်ပြိုင်ခြင်းတို့သည် ကာယစွမ်းပကာသာမက စိတ်ဓာတ်စွမ်းပကာ မြှင့်တင်ပေးသဖြင့် ကိုဗစ်-၁၉ရောဂါကြောင့် ကန့်သတ်ချက်များရှိသော်လည်း အားကစား ကဏ္ဍမြှင့်မားရေးကို ပြည်နယ်အစိုးရအဖွဲ့မှ အဆင့်မီ အားကစားကွင်းနှင့် အားကစားဥယျာဉ်များ တည်ဆောက်ပေးပြီး လူငယ်နှင့်အားကစား ကဏ္ဍအလိုက် အထူးအလေး ပေးပံ့ပိုးကူညီ ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။
ဇာဖြူဝင်း(ပြန်/ဆက်)