မြစ်သား ဇန်နဝါရီ ၁၂
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ် မြို့မအရှေ့ရပ်ကွက်နှင့် ရွှေသူဌေးရပ်ကွက်တို့ရှိ ဝန်ထမ်း အိမ်ရာများတွင် ပွင့်လင်းရာသီရောက်ရှိသဖြင့် မီးဘေးအန္တရာယ် ကြိုတင် ကာကွယ်ရေး သရုပ်ပြ ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယနေ့နံနက်(၁၀) နာရီက မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးမှူးနှင့် မီးသတ်တပ်ဖွဲ့ဝင်များက လက်တွေ့သရုပ်ပြ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ သရုပ်ပြဇာတ်တိုက်လေ့ကျင့်ရာတွင် ရှေးဦးစွာ မြို့နယ်ဦးစီးမှူး ဦးရဲလှိုင်ဝင်းက မီးသတ် ဆေးဗူးအသုံးပြုပုံအဆင့်ဆင့်နှင့် လောင်စာဆီ မီးလောင်ခြင်းကို မီးသတ်ဆေးဗူးဖြင့် လက်တွေ့ သရုပ်ပြသပြီး အသိပညာပေးဆောင်ရွက်ခဲ့ရာ မြို့မအရှေ့ရပ်ကွက်နှင့် ရွှေသူဌေးရပ်ကွက် ဝန်ထမ်းအိမ်ရာများတွင် လက်ရှိနေထိုင်လျက်ရှိသည့် ဝန်ထမ်းမိသားစုများက လာရောက်ကြည့်ရှု့ပြီး ကိုယ်တိုင်ပါဝင်လက်တွေ့ သရုပ်ပြသခဲ့ကြကြောင်းသိရသည်။
မြစ်သားမြို့နယ်မီးသတ်ဦးစီးဌာနအနေဖြင့် နွေရာသီရောက်ရှိတော့မည်ဖြစ်၍ ပြည်သူများအနေဖြင့် မီးဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ကာကွယ်မှုများကို အလေးထားလိုက်နာ ဆောင်ရွက်စေရန်နှင့် မီးပေါ့ဆစွာ သုံးစွဲခြင်းမှ ရှောင်ကြဉ်တတ်စေရန် ရည်ရွယ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
မြမြမွန်