ကျောက်တော်မြို့ရှိ ကျေးရွာအုပ်စုများရှိ ပြည်သူများနှင့် ကျောင်းသား/ကျောင်းသူများအား ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသာစိစစ်ရေးကတ်ပြားများ ကွင်းဆင်းပြုလုပ်

 

ကျောက်တော်  ဇန်နဝါရီ  ၁၂

ရခိုင်ပြည်နယ် မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် ယမန်နေ့ နံနက် ၉ နာရီ အချိန်က အခြေခံပညာ အထက်တန်းကျောင်းရှိ သဇင်ခန်းမအတွင်း၌ ကျေးရွာအုပ်စုများရှိ ပြည်သူများနှင့် ကျောင်းသား/ကျောင်းသူများအား နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ခြင်း နှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားပေးအပ်ပွဲ အခမ်းအနားအား ကျင်းပပြုလုပ် ခဲ့ကြောင်း သိရသည်။

အဆိုပါ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ခြင်းနှင့် နိုင်ငံသားစိစစ်ရေးကတ် ပြားများပေးအပ်ပွဲ အခမ်းအနားသို့ ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးထွန်းလှဇံ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးကျော်စွာညွှန့် နှင့်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး၊ အထက-ကျောက်တော် ကျောင်းအုပ် ဆရာမကြီး၊ မြို့ပေါ်ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများ တက်ရောက်ကြသည်။

ထို့နောက်  ခရိုင်ဦးစီးမှူးမှ နိုင်ငံသားစိစစ်ရေးကတ်ပြားများ အခမဲ့ကွင်းဆင်း ပြုလုပ်ပေးရခြင်း နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး ယခုဆောင်ရွက်ပြီးစီးခဲ့သည့် နိုင်ငံသားစိစစ်ရေးကတ်ပြား စုစုပေါင်း (၁၂၃၁) ခုအား အောင်မြင်စွာ ကွင်းဆင်းဆောင်ရွက် နိုင်ခဲ့ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ 

ထို့နောက် အခြေခံပညာအထက် တန်းကျောင်းရှိ (၁၀) ပြည့်ကျောင်းသား/ကျောင်းသူများ အတွက် နိုင်-၃(က) အသစ်ပြုလုပ်သူ ကျား (၂၇)ဦး၊ မ(၆၀)ဦး စုစုပေါင်း(၈၇)ဦးအား ဆောင်ရွက်ပေးခဲ့ပြီး ကျောက်တော်မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများဖြစ်သော အခစားကျေးရွာ၊ ဇင်းခါချေကျေးရွာ၊ နဂူမေနှင့် ဂုတ်ပီထောင့်စသော ကျေးရွာများမှ နိုင်-၆(က) အသစ်ပြုလုပ်ပြီးသော နိုင်ငံသားစိစစ်ရေးကတ် (၃၃၉) ကတ်အား ပြုလုပ်ဆောင်ရွက် ပေးခဲ့သည်။ဆက်လက်၍ နိုင်ငံသားစိစစ် ရေးကတ် ပြားပေးအပ်ပွဲကို ကျင်းပပြုလုပ်ရာ ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌတို့မှ သက်ဆိုင်ရာကျေးရွာ အုပ်ချုပ်ရေးမှူး များထံသို့ အသီးသီး ပေးအပ်ခဲ့သည်။ ဆက်လက်၍ ကျောက်တော်မြို့ အခြေခံပညာအထက်တန်းကျောင်း၌ နိုင်ငံသားစိစစ်ရေးပြား များ ကွင်းဆင်းဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

ခင်မောင်ထွန်း (ကျောက်တော်၊ ပြန်/ဆက်)