ကျောက်ဖြူ ဇန်နဝါရီ ၁၂
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့တွင် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၁၆ ရက်နေ့တွင်ကျရောက်မည့် ပြည်လုံးချမ်းသာ အလိုတော်ပြည့်စေတီတော်မြတ်ကြီး၏ ၂၅ နှစ်မြောက် ဗုဒ္ဓပူဇနိယ ပွဲတော်အဖြစ် အကြိုဘောလုံးပြိုင်ပွဲကို ငလပွေ့ရပ်ကွက်ရှိ အဆိုပါဘုရားရှေ့ ကွင်းပြင်ကြီး တွင် စည်ကားသိုက် မြိုက်စွာ ကျင်းပပြုလုပ်လျက်ရှိသည်။
ထိုသို့ကျင်းပလျက်ရှိရာ ကျောက်ဖြူမြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာအုပ်စုများ မှ ပြိုင်ပွဲဝင် ဘောလုံးအသင်း ၁၉ သင်းတို့မှ ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိပြီး တစ်နေ့လျင် ပွဲစဉ် လေးပွဲကစားလျက်ရှိကာ ယမန်နေ့ နံနက်ပိုင်းက စိုင်ခြုံဒွိန်အသင်းမှ စံပြလူငယ်အသင်းကို တစ်ဂိုး ဂိုးမရှိဖြင့်လည်းကောင်း၊ ကားဂိတ်အသင်းမှ ဂရင်း(၂)အသင်းကို သုံးဂိုး တစ်ဂိုးဖြင့် လည်းကောင်း အနိုင်ရရှိခဲ့ကြပြီး ညနေပိုင်းပွဲစဉ်များတွင် ကုလားဘာတောင်အသင်းမှ ရှောက်ချောင်းအသင်းကို သုံးဂိုး ဂိုးမရှိဖြင့်လည်းကောင်း၊ တောင်ရင်း(က)အသင်းမှ အုန်းတောအသင်းကို တစ်ဂိုး ဂိုးမရှိဖြင့် လည်းကောင်း အနိုင်ရရှိသွားကြောင်းသိရသည်။ ဆက်လက်ပြီး ယနေ့မွန်းလွဲ ၂ နာရီတွင် ဆီမီးဖိုင် နယ်ပွဲစဉ်များကို ဆက်လက်ကျင်းပ သွားမည်ဖြစ်သည်။
ကျောက်ဖြူမြို့နယ်တွင် အဆိုပါ ပြည်လုံးချမ်းသာ အလိုတော်ပြည့်စေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ကို နှစ်စဉ်နှစ်တိုင်းကျင်းပလျက်ရှိသော်လည်း ဘုရားပွဲမကျင်းပ ဖြစ်ခဲ့သည်မှာ ၂ နှစ်ရှိပြီဖြစ်ကြောင်းနှင့် ယခုနှစ်တွင် ရခိုင်ရိုးရာကျင်ပွဲများ၊ လှေပြိုင်ပွဲများ၊ ဘောလုံးပြိုင်ပွဲ၊ ခြင်းလုံးပြိုင်ပွဲ၊ လွန်ဆွဲပွဲ၊ အထုတ်သတ်ပွဲ၊ ချောတိုင်တက်ပွဲ၊ ကွန်ပျူတာ ဂိမ်းပြိုင်ပွဲ အစရှိသည့် ပျော်ပွဲရွှင်ပွဲများ၊ အားကစားပြိုင်ပွဲများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း ငလပွေ့ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင်ထံမှ သိရသည်။
တင်ထွန်းဦး၊ ဖြိုးဝေလင်း