သီပေါမြို့နယ်တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် လက်တွေ့ သရုပ်ပြ ဇာတ်တိုက်လေ့ကျင့်ခြင်းများဆောင်ရွက်

သီပေါ ဇန်နဝါရီ ၁၂

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်အတွင်းရှိ ဈေးများတွင် မီးဘေး အန္တရာယ် ကင်းဝေးစေရေးအတွက် မြို့နယ်စည်ပင်သာယာရေးဌာနနှင့် မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ ယမန်နေ့ မွန်းလွဲပိုင်းက မြို့မဈေးတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ် သရုပ်ပြဇာတ်တိုက် လေ့ကျင့်ခြင်း များကို ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အသိပညာပေး ဟောပြောပွဲဆောင်ရွက်ရာတွင် အရေးပေါ် မီးလောင်ကျွမ်းမှုဖြစ်ပေါ်သည့်အခါ စနစ်တကျ မီးငြှိမ်းသတ်နည်းစနစ်များ၊ မီးသတ်ဆေးဘူး အသုံးပြုနည်းများနှင့် မီးဘေးကြိုတင် ကာကွယ်ရေး လုပ်ငန်းစဉ်များကို ဈေးသူ၊ ဈေးသားများနှင့် ပြည်သူများ သိရှိနိုင်စေရန်အတွက်  အသေးစိတ် အသိပညာပေး ရှင်းလင်းဟောပြောခဲ့သည်။

ဆက်လက်၍ မီးငြှိမ်းသတ်ရေး ကိရိယာအမျိုးမျိုးနှင့် မီးသတ်ဆေးဘူများကို လက်တွေ့အသုံး ပြု၍ စနစ်တကျ မီးငြှိမ်းသတ်ခြင်းများ သရုပ်ပြဇာတ်တိုက် လေ့ကျင့်ခြင်းနှင့် ဈေးသူ၊ ဈေးသား များအား လက်တွေ့ပြုလုပ်စေခြင်းများကို ဆောင်ရွက်ခဲ့ကြကြောင်းနှင့် အဆိုပါ လက်တွေ့ သရုပ်ပြဇာတ်တိုက် လေ့ကျင့်သည့် နေရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများက လာရောက်ကြည့်ရှုခဲ့ကြ ကြောင်း သိရသည်။

ခင်လေး(သီပေါ၊ပြန်/ဆက်)