လှိုင်မြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ပေးအပ်

လှိုင်  ဇန်နဝါရီ ၁၂

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လှိုင်မြို့နယ် ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို မြို့နယ်အတွင်းရှိ ရပ်ကွက်များသို့ ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် ၉:၀၀အချိန်က လှိုင်မြို့နယ် ၁၆ရပ်ကွက် အင်းစိန်လမ်းမပေါ်ရှိ ပါသာဒိကာရုံ ကျောင်းတိုက်တွင် ကွင်းဆင်း ပေးအပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးဟန်ဝင်းလတ်နှင့် ဌာနဆိုင်ရာ ဝန်ထမ်းများက တက်ရောက်ခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး လူမှုရေးဝန်ကြီး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးအောင်ဝင်းသိန်း (တိုင်းဦးစီးမှူး) က အမှာစကားပြောကြားပြီး လှိုင်မြို့နယ် ဦးစီးမှူး ဦးဘုန်းကျော်နှင့် ဝန်ထမ်းများက ပန်းခင်းစီမံချက်ဖြင့် လှိုင်မြို့နယ်အတွင်းရှိ အသက် ၁၀ နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်သူနှင့် အသက်၁၈နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်သူစုစုပေါင်း နိုင်ငံသားစိစစ်ရေးကတ်ပြား ၄၈ခုကို ပြည်သူများ လက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ပန်းခင်းစီမံချက်ဖြင့်လှိုင်မြို့နယ်အတွင်း ၂၀၂၁ ခုနှစ် မေလ ၃ ရက်နေ့မှ စတင်ကာ ၂၀၂၂ ခုနှစ် နိုဝင်ဘာလအထိ ၁၈လကြာ ကာလအတွင်း ကျန်ရှိနေသော ရပ်ကွက်များသို့ နယ်လှည့်ကွင်းဆင်း၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးရုံးမှ သိရှိရသည်။

သီတာ