သီပေါမြို့နယ်ရှိ တိုက်ပွဲရှောင်ပြည်သူများအား Save The Children အဖွဲ့မှ အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်

သီပေါ ဇန်နဝါရီ ၁၂

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ဘော်ကြိုကျေးရွာ၊ ဘော်ကြိုဘုရားကြီး ဓမ္မာရုံတိုက်ပွဲရှောင်စခန်းတွင် ရောက်ရှိနေသော တိုက်ပွဲရှောင် တိုင်းရင်းသားပြည်သူများအား လားရှိုးမြို့ အခြေစိုက် Save The Children အဖွဲ့မှ ယမန်နေ့ နံနက် ၁၁ နာရီက အခြေခံစားသောက်ကုန်များ လာရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ ထောက်ပံ့ပေးအပ်ရာတွင် ဆန် (၄၉)အိတ် (၂)ပြည်၊ ဆီ ၁ ပိဿာဘူး(၃၉၂)ဘူး၊ ကုလားပဲ (၁၄.၅)ပိဿာ ၊ ငါးခြောက် (၇၄.၂၅)ပိဿာနှင့် ဆား (၇၄.၂၅)ပိဿာ စသည့် အခြေခံ စားသောက်ကုန် ပစ္စည်း(၅)မျိုးတို့ကို Save The Children အဖွဲ့မှ ထောက်ပံ့ပေးအပ်ရာ အဆိုပါ တိုက်ပွဲရှောင်စခန်းရှိ တာဝန်ရှိသူများ နှင့် တိုက်ပွဲရှောင်ပြည်သူများက လက်ခံရယူခဲ့ကြောင်း သိရသည်။

ဘော်ကြိုကျေးရွာ ၊ ဘော်ကြိုဘုရားဓမ္မာရုံ တိုက်ပွဲရှောင်စခန်းတွင် ကျင်သီ ၊ ပုံဖမ်း ၊ တွန်ဆောက် ၊ ကြံခင်း ၊ တိန်းလုံ စသည့် ကျေးရွာများမှ တိုက်ပွဲရှောင်ပြည်သူ စုစုပေါင်း (၂၇၆)ဦး ရောက်ရှိ တိမ်းရှောင် နေထိုင်လျက်ရှိပြီး အဆိုပါတိုက်ပွဲရှောင်ပြည်သူများ၏  နေထိုင်စားသောက်ရေးနှင့် ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များ အဆင်ပြေစေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာ အုပ်စုအုပ်ချုပ်ရေးအဖွဲ့များ၊ ကျန်းမာရေးဝန်ထမ်းများ ပရဟိတအသင်းအဖွဲ့များ၊ မြို့နယ်ကြက်ခြေနီ အသင်းခွဲ ဥက္ကဋ္ဌနှင့် တပ်ဖွဲ့ဝင်များ၊ စေတနာရှင်အလှူရှင်များက ပူးပေါင်းကူညီ ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။

ခင်လေး