အောင်မြေသာစံ ဇန်နဝါရီ ၁၂
မန္တလေး၊ အောင်မြေသာစံမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် ယနေ့ နံနက်ပိုင်းက အမရဌာနီ အနောက်အကွက် (၁၉/ခြံ)တွင် ပန်းခင်းစီမံချက်အရ နိုင်ငံသားစိစစ်ရေးကဒ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်း မရှိသေးသူများအား အိမ်တိုင်ရာရောက်( Door to Door) အခမဲ့ ကွင်းဆင်းဆောင်ရွက်ပေးကြသည်။
ထိုသို့ဆောင်ရွက်ရာသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးယဉ်ထွေး၊ တိုင်းဒေသကြီးလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးဇော်ဝင်းမြင့် ခရိုင်ဦးစီးမှူး ဦးဝင်းလှိုင်ဦးတို့က လာရောက်ကြည့်ရှု့အားပေးပြီး နိုင်ငံသားစိစစ်ရေးကဒ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်း လာရောက်ပြုလုပ်ကြသော ပြည်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ကာ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။
မြို့နယ်ဦးစီးမှူး ဦးကျော်စိုး နှင့် ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးရန်ကင်းနှင့် အကွက်တာဝန်ခံများက တစ်အိမ်တက်ဆင်း ကွင်းဆင်း၍ အကွက်အလိုက် နေ့စဉ် ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ကျန်ရှိသောရပ်ကွက်များကိုလည်း ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
မြင့်မော်ထွန်း