မင်္ဂလာဒုံ ဇန်နဝါရီ ၁၂
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်အတွင်းရှိ မိဘပြည်သူများအား ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန် ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်းလုပ်ငန်းကို ယမန်နေ့ ညပိုင်းက ရပ်ကွက်နှင့် ကျေးရွာများသို့ မော်တော်ယာဉ်ဖြင့် လှည့်လည်၍ တိုက်တွန်းနှိုးဆော်ခဲ့ကြောင်း သိရသည်။
ထိုသို့ အသိပညာပေး နှိုးဆော်ရာတွင် မြို့နယ်အတွင်းရှိ မိဘပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်းဖြစ်သည့် အိုမီခရွန် ကူးစက်ပျံ့နှံမှုမှာ ရက်ပိုင်းအတွင်းမှာပင် နိုင်ငံအရေအတွက် ပိုမိုများပြားလာပြီဖြစ်ကြောင်း၊ ကိုဗစ်-၁၉မျိုးရိုးဗီဇပြောင်း အိုမီခရွန်ကို ပြည်သူများအနေဖြင့် ဆက်လက် ကာကွယ်တားဆီးနိုင်ရေး အတွက် အထူးသတိပြုကြရမည်ဖြစ်သော်လည်း ကြောက်စရာ မဟုတ်ပါကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာ နေထိုင်ခြင်း၊ ပါးစပ် နှင့်နှာခေါင်းစည်းများ စနစ်တကျတပ်ဆင်ခြင်း၊ လက်ကို စက္ကန့် (၂၀) ကြာ မကြာခဏ ဆေးကြောခြင်း၊ လူစုလူဝေးရှောင်ရှားကာ တတ်နိုင်သမျှ မိမိတို့၏ နေအိမ်၌သာ နေထိုင်ခြင်း၊ သံသယလက္ခဏာများ ခံစားရလျှင် နီးစပ်ရာ ကျန်းမာရေးဌာနသို့ ချက်ချင်းဆက်သွယ်ခြင်း စသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး နည်းလမ်းများနှင့်အညီ လိုက်နာနေထိုင်ရေးနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှုကို အကြိမ်ပြည့် မပျက်မကွက်ထိုးနှံကြကာ အိုမီခရွန် အပါအဝင် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း ရောဂါပိုးများ ကူးစက်မှု ရပ်တန့်စေရေး ရောဂါကာကွယ်ရေးနည်းလမ်းများကို ပြည်သူများအားလုံး ဆက်လက်လိုက်နာခြင်းဖြင့် ပူးပေါင်းဆောင်ရွက်ကြပါရန် အသိပညာပေး နှိုးဆော်ထားသည်။
မင်္ဂလာဒုံ မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့၏ဉီးဆောင်မှုဖြင့် တာဝန်ရှိသူများက ရောဂါကြိုတင် ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်း လုပ်ငန်းများ၊ ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းများကို အရှိန်အဟုန်မပျက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သန္တာ(ပြန်/ဆက်)