လင်းခေးတွင် ကလေးသူငယ်များအား ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်‌ပေးခြင်း လုပ်ငန်းဆောင်ရွက်

လင်းခေး ဇန်နဝါရီ ၁၂

ရှမ်းပြည်နယ် (တောင်ပိုင်း) လင်းခေးခရိုင်၊ လင်းခေးမြို့နယ် ကျန်းမာရေး ဦးစီးဌာနမှ ကြီးမှူး၍ အသက် ၂ လအရွယ်မှ ၁ နှစ်ခွဲကလေးသူငယ်များအား ပုံမှန် ကာကွယ်ဆေးထိုး ဆေးတိုက်ပေးခြင်းကို ယနေ့နံနက် ၈ နာရီခွဲက မြို့နယ်မိခင်နှင့်ကလေး ကျန်းမာရေးဌာန အဆောက်အဦ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ ဆေးထိုးဆေးတိုက်ခြင်းတွင် ၎င်းအသက်အရွယ်အလိုက် ပိုလီယိုရောဂါကာကွယ်ဆေး၊ ဝမ်းပျက်ဝမ်းလျှောရောဂါ (ရိုတာ) ကာကွယ်ဆေးများ တိုက်ကျွေး ပေးခြင်းနှင့် ထိုးနှံပေးခြင်း တို့ပါဝင်သည်။

မြို့နယ်မိခင်နှင့်ကလေး ကျန်းမာရေးဌာန တာဝန်ရှိသူတို့က ထိုသို့ဆေးများ ထိုးနှံ၊ တိုက်ကျွေးပေးခြင်းမပြုမီ ကလေးသူငယ်များ၏ အသက်အရွယ်အပိုင်းခြား အလိုက် ထိုးနှံတိုက် ကျွေးရမည့်ကလေးများ စာရင်းကောက်ယူခွဲခြားပြုစုခြင်း၊ လာရောက်ထိုးနှံကြ သည့် ကလေးများနှင့်ပတ်သက်သော မိသားစုအသိုင်းအဝိုင်း အတွင်း ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားထားမှု ရှိ၊ မရှိ ဖြစ်ပွားထားပြီးသူများရှိခဲ့ပါက ထိုသူတို့အနေဖြင့် အချိန်ကာလ (တစ်လ) ကြာမြင့်ပြီးမပြီး စသည့်ကျန်းမာရေး ဝန်ကြီးဌာနမှ ချမှတ်ထားသည့် လက်ရှိဖြစ် ပေါ်လျက်ရှိသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး စည်းကမ်း လမ်းညွှန်ချက်များနှင့်အညီ ကလေးမိဘ တို့အား အသိပညာပေးဟောပြော ပေးခြင်းဖြင့် လင်းခေးမြို့ပေါ် (၈)ရပ်ကွက်နေ ပြည်သူများအား ဆောင်ရွက်ပေးခဲ့ကြခြင်းဖြစ်ကြောင်း မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။

စိုင်းဇော်လတ်(လင်းခေး)