ပျော်ဘွယ် ဇန်နဝါရီ ၁၂
ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့နယ်ရှိ စာပေချစ်မြတ်နိုးသူများအသင်းဝင်(Book Club)များနှင့် စာပေဝါသနာရှင်များစုပေါင်း၍ စာရေးသူ “နိုက်”ရေးသားသည့် သားနှင့်သမီးသို့ပေးစာများ စာအုပ်အား စာဖတ်ဝိုင်းကျင်းပခြင်းကို ယမနနေ့နံနက်(၁၀)နာရီခွဲက မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံး(Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်စန်းစန်းကြူက စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်း ဆွေးနွေးပြီး တက်ရောက်လာသူများက စာရေးသူ“နိုက်”ရေးသားသည့် သားနှင့်သမီးသို့ပေးစာများ စာအုပ်ပါအကြောင်းအရာများကို ဖတ်ရှုကာ စာဖတ်သူ တစ်ဦးအနေအဖြင့် ကိုယ်ပိုင်အတွေးအမြင်များအား အပြန်အလှန်ဆွေးနွေးကြသည်။
လေ့လာသူတစ်ဦးအနေဖြင့် တက်ရောက်လာသည့် စာပေဝါသနာရှင် မသင်းသင်းဆွေက ယခုစာအုပ်သည် လူအချင်းချင်းပေါင်းသင်းဆက်ဆံရာတွင် မိတ်ဆွေကောင်းကိုရွေးချယ်ပြီး ပေါင်းသင်းဆက်ဆံရန် အရေးကြီးကြောင်း၊ မိတ်ဆွေတုများကိုလည်း ရှောင်ရှားနိုင်ရန်လိုအပ်ပါကြောင်း၊ အဖော်ကောင်း၊ မိတ်ဆွေကောင်းကိုလိုချင်ရင် မိမိကိုယ်တိုင်ကလည်း ကောင်းစွာနေထိုင်ရန် လိုအပ်ပါကြောင်း၊ ယခုလိုအသိတရားတွေရှိလာဖို့ စာအုပ်စာပေကို ဖတ်ရှုနိုင်ရန် လိုအပ်ပါကြောင်းတို့ကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
မင်းမင်းထွေး(ပျော်ဘွယ်)