ညောင်ဦးမြို့နယ်၊ ငါ့သရောက်မြို့နယ်ရှိ ထန်းတောင်သူများ ထန်းလုပ်ငန်းအတွက် ကြိုတင်ပြင်ဆင်နေကြ

ညောင်ဦး  ဇန်နဝါရီ  ၁၂

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်နှင့် ငါ့သရောက်မြို့ ကျေးလက်တောင်သူများ ထန်းတက်လုပ်ငန်းစတင်ရန် ထန်းပင်များ ကြိုတင်ပြင်ဆင်နေ ကြပြီဖြစ်ကြောင်း ငါ့သရောက်မြို့ ဆင်သားမွေးကျေးရွာ ထန်းတောင်သူ ဦးခင်မောင်ထွန်းကပြောကြား၍ သိရသည်။

ထန်းတောင်သူများ ထန်းတက်လုပ်ငန်းလုပ်ကိုင်ခြင်းအား ပြာသိုလ၊ တပိုတွဲလတို့တွင် စတင်ပြင်ဆင်လုပ်ကိုင်ကြပြီး ထန်းပင်များပြင်ဆင်ရန်အတွက် ယင်း ထောင်၊ ယင်းဆွဲများပြုလုပ်ရန်အတွက် ဝါးဝယ်ယူခြင်း၊ ထန်းဆွဲမြူအိုးဝယ်ယူစုဆောင်းထားခြင်း၊ ထန်းလျက်ချက်လုပ်ဖို့ ထန်းလျက်ချက်ဖို ပြင်ဆင် ခြင်းလုပ်ငန်းများ ကြိုတင်လုပ်ဆောင်နေကြောင်းလည်း သိရသည်။ ညောင်ဦးမြို့နယ်နှင့် ငါ့သရောက်မြို့တို့သည် ထန်းတောင်သူအများစု ကျန်ရှိနေသေးသည့် မြို့များဖြစ်ကာ အချို့ကျေးရွာများသည် တစ်ရွာလုံး ထန်းတက်လုပ်ငန်းလုပ်ကိုင်ကြသည့် ကျေးရွာများရှိနေသေးကာ အချို့ကျေးရွာများမှာ ထန်းတက် လုပ်ငန်းစွန့်လွှတ်ကာ ရေကြည်ရာ၊ မြက်နုရာသို့ ထွက်ခွာအလုပ်သွားလုပ်ကြကြောင်း သိရသည်။ထန်းတက်လုပ်ငန်းသည် ထန်းသမားတစ်မိသားစုလုံး ပင်ပန်းသည့်လုပ်ငန်းဖြစ်ကာ အိမ်ရှိလူကုန် နံနက်ပိုင်းမှစတင်ပြီး ညနေမိုးချုပ်သည်အထိ ပင်ပင်ပန်းပန်းလုပ်ကိုင်ရသည့် လုပ်ငန်းဖြစ်ကြောင်း ၊နံနက်မိုးမ လင်းမီမှစတင်ကာ ထန်းတက်လုပ်ငန်းလုပ်ရကြောင်း၊ ထန်းရည်များ အချိန်မှီချက်လုပ်နိုင်ရန် မိုးဗြဲဒယ်ဖြင့် ထန်းလျက်ချက်ဖိုပေါ်တင်ကာ အဆက်မပြတ် မီးထိုးရကြောင်း၊ ထန်းလျက်ချက်ပြီးချိန် ညနေထန်းပြန်တက်ရန် ပြင်ဆင်ရပြန်ကြောင်း၊ နားဖို့ပင်အချိန်မရှိပဲ မနားမနေလုပ်ကိုင်ရသည့် ထန်းတက်လုပ်ငန်း ဖြစ်ကာ ထန်းလျက်ပေါ်ဦးပေါ်စတွင် တစ်ပိသာတစ်ထောင့်ငါးရာကျပ် ရောင်းချရပြီး၊ ထန်းလျက်လှိုင်လှိုင်ပေါ်ချိန် ထန်းလျက်ဈေးနှုန်းလည်း ကျဆင်းလာကာ တစ်ထောင်ကျပ်အထိ ဈေးနှုန်းကျဆင်းလာကြောင်း ထန်းတောင်သူများက ရှင်းပြသည်။

ထန်းတောင်သူများ ထန်းတက်လုပ်ငန်းစတင်ဝင်ရောက်ရန် အရင်းအနှီးအဖြစ် ထန်းဆွဲမြူအိုးကြိုး၊ ထန်းဆွဲအိုး၊ ဝါး၊ လှေကားဆံလုပ်ရန်သစ်၊ ထန်းလျက် ချက်ဖိုအတွက် မြေနီ၊ မြေစေး၊ ကောက်ရိုး၊ ထန်းလျက်ချက်ရန် သတ္တုဒယ်ကြီး၊ ချက်ပြီးသားထန်းလျက်ထည့်ရန် ထန်းလက်ဗန်း၊ ထန်းလက်ကပ်၊ စသည်တို့ကိုထန်းတက်လုပ်ငန်းမဝင်ခင် ကြိုတင်စီစဉ်စုဆောင်းထားရကြောင်း ပိုင်ထန်တဲပိုင်ရှင် ဦးမောင်ဆန်းက ရှင်းပြသည်။ ထန်းပင်ပြင်ခ ထန်းသမားတစ်ဦး  တစ်ထောင့်ငါးရာကျပ်၊ ကျွမ်းကျင်သည့်ထန်းသမားတစ်ဦး တစ်နေ့ထန်းပင်ပြင်လျှင် တစ်နေ့ထန်းခုနှစ်ပင်ပြင်ပြီးကြောင်း၊ ထန်းသမားအများစု တစ်ရက်ထန်းပင် အပင်ငါးဆယ်မှ ငါးဆယ့်ငါးပင်အထိ ထန်းတက်ထန်းလှီးနိုင်ကြောင်း၊ ထန်းပင်တစ်ပင်လျှင် တစ်လထန်းရွက် တစ်ရွက်သာထွက်ပြီး တစ်နှစ်မှာ ထန်းရွက်ဆယ့်နှစ်ရွက်သာထွက်ရှိကြောင်း သိရသည်။ ထန်းပင်အမြင့် တစ်နှစ်ပတ်လုံးမှ ကြက်မတဝပ်စာသာ တက်ကြောင်း လည်းသိရကာ ထန်းလျက်လှိုင်လှိုင်ပေါ်ချိန် ထန်းလျက်ဈေးကောင်းရရန် ထန်းတောင်သူများ မျှော်လင့်နေကြောင်း ငါ့သရောက်မြို့ ဆင်သားမွေးကျေးရွာ ဦးမြင့်ကျော်က ပြောကြားသည်။

ကိုထိန်၊KPD