မိုးမိတ်မြို့နယ်တွင် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ (Omicron) ရောဂါ ကြိုတင်ကာကွယ်နိုင်ရေး ရှမ်း၊ မြန်မာ ဘာသာနှစ်မျိုးဖြင့် အသိပေးနှိုးဆော်

မိုးမိတ် ဇန်နဝါရီ ၁၂

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မိုးမိတ်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းစဉ်များအား အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနဝန်ထမ်းများက ယနေ့ နံနက် ၉ နာရီ အချိန်မှ စတင်၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး လာရောက်ထိုးနှံနိုင်ရေးနှင့် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ (Omicron) ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် မြန်မာ၊ ရှမ်းဘာသာနှစ်မျိုးဖြင့် အသိပညာပေး လှည့်လည်နှိုးဆော်ခြင်းကို လက်ခုတ်တန်းရပ်ကွက်တွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ယင်းသို့ ဆောင်ရွက်ရာတွင် ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရေး အသိ ပညာပေး နှိုးဆော်ခြင်းနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အခြေခံစည်းမျဉ်း စည်းကမ်းများကို လိုက်နာ၍ ရောဂါပိုးရှိသည်ဟု သံသယရှိပါက နီးစပ်ရာကျန်းမာရေးဌာနများသို့ ဆက်သွယ်၍ မပျက်မကွက် ဆေးကုသမှုခံယူကြပါရန်နှင့် ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့ပွားမှုကို အမြန်ကာကွယ် တားဆီးထိန်းချုပ်နိုင်ရေးအတွက် ကာကွယ်ရေးလုပ်ငန်းစဉ်များကို ဒေသခံတိုင်းရင်းသား မိဘပြည်သူ များအားလုံးက ကိုယ်စီလိုက်နာပြီး ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ (Omicron) များ ဝင်ရောက်ကူးစက်မှု မရှိစေရေး ကြိုတင်ကာကွယ်နိုင်ရန်အတွက် ကျန်းမာရေးအသိ၊ သတိများ ရရှိစေရန် ရည်ရွယ်၍ စဉ်ဆက်မပြတ် လှည့်လည်အသိပေး နှိုးဆော်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

စည်သူဌေး (ခရိုင်ပြန်/ဆက်)