မိုင်းဖြတ် ဇန်နဝါရီ ၁၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် (၁၀၈)နာရီတိုင်တိုင် ရွတ်ဖတ်ပူဇော်မည့် အဋ္ဌမအကြိမ်မြောက် မဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနားကို ဇန်နဝါရီလ ၁၁ရက် ညနေ ၅နာရီက ကွက်သစ်ရပ်ကွက်၊ စိတ္တသုခကျောင်းတိုက်ရှိ ဓမ္မသုခကျောင်းတိုက်၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့သည်။ ထို့နောက် မိုင်းယောင်းမြို့ ထေရဝါဒဗုဒ္ဓသာသနာပြု(ဗဟို)ကျောင်းဆရာတော် ဦးသုနန္ဒက ရောင်ခြည်တော်ဖွင့် ဂါထာဖြင့် ဘုရာင့်ပင့်တော်မူခဲ့ပြီး စိတ္တသုခကျောင်းတိုက်ဆရာတော် ဦးဓမ္မဝံသထံမှ တရားနာပရိတ်သတ်များက ငါးပါးသီလ ခံယူဆောက်တည်ကြသည်။
ဆက်လက်၍ ဆရာတော် ဦးသုနန္ဒက ပဋ္ဌာန်းတရားနာကြားရန် နတ်ဗြဟ္မာများ ပင့်ဖိတ်ခြင်းကိုလည်းကောင်း၊ နမ့်ပန်ဆရာတော် ဦးပညာသီရိက ပဋ္ဌာန်းဒေသနာတော် ရွတ်ဖတ်ပူဇော်ရန် တိုက်တွန်းနိုးဆော်လွှာ (ပဌာန်းအမွှန်း)ကိုလည်းကောင်း၊ သံဃာတော်အရှင်သူမြတ်တို့က ပဋ္ဌာန်းပစ္စယုဒ္ဒေသ ပါဠိတော်များကို လည်းကောင်း ရွတ်ဖတ်ခဲ့ကြပြီး ဓမ္မစကြာဝတ်အသင်းက အသံမစဲ မဟာပဌာန်း ရှစ်လုံးဘွဲ့ကဗျာကို ရွတ်ဖတ်ပူဇော်ခဲ့ကြသည်။ ယင်းနောက် အလှည့်ကျ ဘဏကဆရာတော်များက ပဌာန်းတရားတော်မြတ်ကို စတင်ရွတ်ဖတ်ပူဇော်ခဲ့သည်။
အဆိုပါ (၁၀၈)နာရီတိုင်တိုင် ရွတ်ဖတ်ပူဇော်မည့် မဟာပဌာန်းရွတ်ဖတ်ပူဇော်ပွဲကို ဇန်နဝါရီလ ၁၁ရက်မှ ၁၆ရက်နေ့အထိ ရွတ်ဖတ်ပူဇော်သွားမည်ဖြစ်ပြီး ပဋ္ဌာန်းသိမ်းအောင်ပွဲ အခမ်းအနားကို ဇန်နဝါရီလ ၁၆ရက် နံနက် ၉နာရီတွင်း ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
သန်းထွန်းအေး