မိုးမိတ်မြို့နယ်တွင် အသက် ၁၈ နှစ်နှင့်အထက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး မထိုးရသေးသော သူများအား ဆက်လက်ထိုးနှံပေး

မိုးမိတ်  ဇန်နဝါရီ ၁၂

ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင်၊ မိုးမိတ်မြို့နယ်တွင်  အသက် ၁၈ နှစ်နှင့်အထက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး မထိုးရသေးသော ဈေးသည်များ၊ ရပ်ကွက်/ကျေးရွာနေ ပြည်သူများ၊ ဒေသခံတိုင်းရင်သားများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေးခြင်းကို ယနေ့ နံနက် ၉ နာရီမှ စတင်၍  မြို့နယ်စည်ပင်သာယာခန်းမ၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ထိုးနှံရာ၌ ကျန်းမာရေးဆရာမများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများနှင့် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက ပါဝင်ကူညီ ဆောင်ရွက်ပေးခဲ့ကြပြီး ကိုဗစ်ကာကွယ် ဆေးမထိုးမီ စာရင်းပေးသွင်းခြင်း၊ သွေးပေါင်ချိန်တိုင်းခြင်း၊ သွေးထဲတွင်ရှိသည့် အောက်ဆီဂျင်ပမာဏတိုင်းတာခြင်း၊ အပူချိန်တိုင်းတာခြင်းတို့ကို ဦးစွာ ဆောင်ရွက်ပြီး ယင်းလုပ်ငန်းစဉ်များ အခြေအနေမှန်ဖြစ်မှသာ ကာကွယ်ဆေးထိုးနှံပေးခြင်း ဖြစ်သည်။

ယနေ့အထိ မိုးမိတ်မြိုနယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံရန် လျာထားဦးရေမှာ (၄၈၅၃၆) ဦးဖြစ်ပြီး  ပထမအကြိမ် ကာကွယ်ဆေးထိုးနှံပြီးစီးသူ (၂၇၆၂၀) ဦးနှင့် ဒုတိယအကြိမ် ထိုးနှံပြီးစီးသူ (၂၂၀၉၉) ဦး ထိုးနှံပေးနိုင်ခဲ့ပြီဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ သိရသည်။

မိုးမိတ်သား