ပန်နန်းဒင်မြို့၌ (၇၄)နှစ်မြောက် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် မြို့အုပ်ချုပ်ရေးမှူးဖလား အမျိုးသားအလွတ်တန်း ဘောလုံးပြိုင်ပွဲ ကွင်းဖွင့်

ပန်နန်းဒင် ဇန်နဝါရီ ၁၂

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ပန်နန်းဒင်မြို့တွင် ၂၀၂၂ ခုနှစ် ဇန်နဝါရီလ (၁၀)ရက်နေ့တွင် ကျရောက်သည့် (၇၄)နှစ်မြောက် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ်အနေဖြင့် မြို့အုပ်ချုပ်ရေးမှူးဖလား အမျိုးသားအလွတ်တန်း ဘောလုံးပြိုင်ပွဲကွင်းဖွင့်ပွဲ အခမ်းအနားကို ဇန်နဝါရီလ(၁၀)ရက် နေ့လည်(၁၂)နာရီက ပန်နန်းဒင်မြို့ မြို့မအားကစား ကွင်း၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြို့အုပ်ချုပ်ရေးမှူး ဦးနေမင်းထွန်းက ပန်နန်းဒင်ဒေသရှိ လူငယ်လူရွယ်များ အချင်းချင်း ချစ်ကြည်ရင်းနှီးမှုရရှိလာစေရန်နှင့် အားကစားဝါသနာရှင်များကို မြေတောင်မြောက် ပေးလိုသောရည်ရွယ်ချက်ဖြင့် ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ ပန်နန်းဒင်မြို့ အ.ထ.က(မြို့မ) ကျောင်းသား၊ ကျောင်းသူများက တေးသရုပ်ဖော် အကဖြင့် ကစားကွင်းအတွင်း ကပြဖျော်ဖြေတင်ဆက်ခဲ့ကြပြီး ပန်နန်းဒင်မြို့ရှိ ဒေသခံတိုင်းရင်းသူများက ပြိုင်ပွဲ၀င်အားကစား သမားများအား ဂုဏ်ပြုပန်းစည်းများ ပေးအပ်ခဲ့ကြကာ ကွင်းဖွင့်ပွဲအနေဖြင့် တဆူထုဘောလုံးအသင်းနှင့် ပညာရေး ဘောလုံး အသင်းတို့က ယှဉ်ပြိုင် ကစားခဲ့ကြသည်။

အဆိုပါပြိုင်ပွဲတွင် ပြိုင်ပွဲ၀င်အသင်းပေါင်း ကိုးသင်းတို့က အုပ်စုနှစ်အုပ်စုဖြင့် ပြိုင်ပွဲပေါင်း (၂၀)ပွဲတို့ကို ဇန်နဝါရီလ (၁၀)ရက်မှ (၂၀)ရက်နေ့အထိ ယှဉ်ပြိုင် ကစားသွားမည်ဖြစ်ကြောင်း သိရသည်။

ပန်နန်းဒင်(ပြန်/ဆက်)