ပင်းတယ ဇန်နဝါရီ ၁၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ မျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန် အတွက် လိုက်နာရမည့်အချက်များ အသိပညာပေးနှိုးဆော်ခြင်းကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက ပင်းတယမြို့ပေါ်ရပ်ကွက်များရှိ လမ်းဆုံလမ်းခွတို့တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှဝန်ထမ်းများက Hand Speaker ဖြင့် လိုက်လံအသိပေး နှိုးဆော်ခဲ့ကြသည်။
ယင်းနှိုးဆော်ချက်များတွင် လက်ရှိအခြေအနေတွင် ကိုဗစ်-၁၉ ရောဂါမျိုးကွဲသစ် အိုမီခရွန်သည် မြန်မာနိုင်ငံတွင် စတင်တွေ့ရှိပြီးနောက် မိဘပြည်သူများအနေဖြင့် မိမိတို့အိမ်တွင်ပြင်ပမှ လာသောဧည့်သည်များ လက်မခံပါရန်နှင့် ထို့အတူမိမိတို့ကလည်း အများသူများထံ သွားရောက် ခြင်း မပြုကြရန်၊ မဖြစ်မနေအရေးကြီး ကိစ္စကြောင့် အပြင်ထွက်ရပါက ပါးစပ်နှင့် နှာခေါင်းစည်း Mask ကို စနစ်တကျ တပ်ဆင်ကြရန်၊ Mask မတပ်သူများနှင့် တွေ့ဆုံခြင်း၊ စကားပြောခြင်း၊ ဈေးဝယ် ခြင်းများမှ ရှောင်ကြဉ်ကြပါရန်၊ လက်ကိုမကြာခဏ ဆေးကြောကြရန်၊ လက်ဆေးကြောခြင်းမပြုဘဲ ပါးစပ်၊ နှာခေါင်းနှင့် မျက်စေ့တို့ကို ပွတ်သတ်ခြင်း၊ ကိုင်တွယ် ခြင်းနှင့် ထိတွေ့ခြင်းမပြုလုပ်ကြရန်နှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စည်းကမ်းချက်များအား လိုက်နာကြရန်လိုအပ်ကြောင်း၊ သို့မှသာ ရောဂါ ကွင်းဆက် ပြတ်တောက်ပြီး ကူးစက်မှုကို ထိထိရောက်ရောက် ကာကွယ်နိုင်မှာဖြစ်ကြောင်း စသည့်အချက်များအား အသိပညာ ပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။
ပင်းတယ (ပြန်/ဆက်)