နောင်ချိုမြို့နယ် အခြေခံပညာကျောင်းများ၌ သံဓာတ်အားဆေးတိုက်ကျွေးခြင်းနှင့် ကျန်းမာရေး အသိပညာပေးဟောပြော

နောင်ချို ဇန်နဝါရီ ၁၂

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်၌  အခြေခံပညာကျောင်းများရှိ Grade-6 မှ Grade-11 အထိ ကျောင်းသား၊ ကျောင်းသူများအား သံဓာတ်အားဆေးတိုက်ကျွေးခြင်းနှင့် ကျန်းမာရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် (၉) နာရီမှစ၍ ဆောင်ရွက်ခဲ့ကြောင်း မိခင်နှင့်ကလေး ကျန်းမာရေးဌာနမှ သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် နောင်ချိုမြို့နယ် မိခင်ကလေးနှင့်ကျန်းမာရေးဌာနမှ ဘက်စုံသားဖွားဆရာမ ဒေါ်ခင်စန်းဦး ဦးဆောင်၍ အထက(၁)၊ အထက(၂)၊ အလက (ခွဲ)၊ ကျောက်ဂူဘုန်းတော်ကြီးသင် ပညာရေးကျောင်း၊ ပညာအောင်မြေ ကိုယ်ပိုင်အထက်တန်းကျောင်းများရှိ Grade-6 မှ Grade -11 အထိ ကျောင်းသား၊ ကျောင်းသူများအား သံဓာတ်အားဆေး တိုက်ကျွေးခြင်း၊ သွေးအားနည်းရောဂါ ဖြစ်စေသော အကြောင်းရင်းများ၊ သွေးအားနည်းရောဂါ လက္ခဏာများ၊ သွေးအားနည်းရောဂါ ကာကွယ်ရေး နည်းလမ်းများအကြောင်း အသိပညာ ပေးဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ပြီး သံဓာတ်အားဆေးကို အပတ်စဉ် အင်္ဂါနေ့နှင့် ကြာသပတေးနေ့များတွင် တိုက်ကျွေးသွားမည် ဖြစ်ကြောင်း မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ သိရသည်။

ထွေးငယ်၊ (ပြန်/ဆက်)