မိတ္ထီလာမြို့နယ်၌ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံစက်ချုပ်သင်တန်း ဆင်းပွဲကျင်းပ

မိတ္ထီလာ  ဇန်နဝါရီ  ၁၂

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်းတွင် အခြေခံ စက်ချုပ်သင်တန်း(၁/၂၀၂၂) ဆင်းပွဲအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီအချိန်က  အဆိုပါ သင်တန်းကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မိတ္ထီလာခရိုင် အမျိုးသမီးရေးရာ  ဥက္ကဋ္ဌ ဒေါက်တာ ဒေါ်စောမြင့်ထူးက သင်တန်းဆင်း အမှာစကားပြောကြားပြီး ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်း(မိတ္ထီလာ)မှ ကျောင်း အုပ်ဆရာကြီး ဦးသာဝက ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန်နှင့် ကျေးလက်ဒေသရှိ အမျိုး သမီးငယ်လေးများ စက်ချုပ်နည်းပညာရပ်ကို တက်ကျွမ်းပြီး တစ်ပိုင် တစ်နိုင် လုပ်ငန်းငယ်များ ထူထောင်၍ မိသားစုဝင်ငွေ တိုးပွားလာစေရန် ရည်ရွယ်ပြီး အခြေခံ စက်ချုပ် သင်တန်းကို အခမဲ့ ဖွင့်လှစ်သင်ကြားပေးနိုင်ခဲ့ပြီးဖြစ်၍ သင်တန်းသူများအနေဖြင့် သင်တန်းဆင်းပြီးပါကလည်း သင်တန်းမှ ပို့ချလိုက်သည့် စက်ချုပ်နည်းပညာရပ်များအား ဆက်လက် လေ့လာသင်ယူကြပါရန် ပြောကြားခဲ့ပြီး   သင်တန်းဆင်းလက်မှတ်များအား သင်တန်းသူများကိုယ်စား သင်တန်းသူတစ်ဦးအား ပေးအပ်ခဲ့သည်။ ယင်းနောက် သင်တန်းဆင်းပွဲသို့ တက်ရောက်လာကြသူများက သင်တန်းသူများချုပ်ထားသည့် အဝတ်အထည်များအား လိုက်လံ ကြည့်ရှုခဲ့ကြောင်း သိရသည်။

အဆိုပါ အခြေခံစက်ချုပ်သင်တန်း ဆင်းပွဲအခမ်းအနားကို မိတ္ထီလာခရိုင် အမျိုးသမီးရေးရာ ဥက္ကဋ္ဌဒေါက်တာ ဒေါ်စောမြင့်ထူးနှင့် အဖွဲ့ဝင်များ၊ ခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဒေါ်မြင့်ဝင်း၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်ခင်မျိုးမျိုးလတ်၊ ရက်ကန်းနှင့် အသက်မွေး ပညာသင်တန်းကျောင်း(မိတ္ထီလာ)မှ ကျောင်းအုပ်ဆရာကြီး ဦးသာဝနှင့် သင်တန်းနည်းပြဆရာမများ၊ သင်တန်းသူ များတက်ရောက်ခဲ့ကြကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)