မြစ်သား ဇန်နဝါရီ ၁၂
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းတို့ ပူးပေါင်း၍ ကျေးရွှေတမာစာပေမဂ္ဂဇင်းစာအုပ်မှ စာရေးဆရာမ မသီတာ(စမ်းချောင်း)ရေးသားထားသော" ယဉ်ကျေးမှုကို ဆင်ခြင်ရအောင်" ဆောင်းပါးဖြင့် စာဖတ်ဝိုင်း ဆွေးနွေးပွဲကို ယနေ့နံနက်(၉)နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
စာဖတ်ဝိုင်း ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ(တာဝန်ပေး)ဒေါ်သီတာအောင်က စာဖတ်ဝိုင်းကျင်းပရခြင်း ရည်ရွယ် ချက်များ ရှင်းလင်းပြောကြားပြီး စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း အဖွဲ့ဝင်ဒေါ်စန်းစန်းထွေးက အဆိုပါဆောင်းပါးတွင်ပါဝင်သော အကြောင်းအရာ များဖြစ်သည့် မြန်မာဘာသာစကားကို ယဉ်ကျေးသိမ်မွေ့စွာပြောတတ်ဖို့၊ မြန်မာစာကို သဒ္ဒါမှန်မှန်ရေးနိုင်ဖို့၊ မြန်မာစာပေကို ဆက်လက်ဖွံ့ဖြိုးတိုးတက်အောင် အားထုတ်ဖို့ဆိုတာတွေဟာ မြန်မာ့ယဉ်ကျေးမှုကို ထိန်းသိမ်းတာပဲလို့ကို နားလည်မပေးနိုင်ကြလေသလား လို့လည်းတွေးမိကြောင်း၊ ဘာသာစကားနဲ့စာပေ ဆိုတာ လူမျိုးတစ်မျိုးအတွက် အင်မတန်အရေးကြီးတဲ့ ယဉ်ကျေးမှုအမွေအနှစ်ဖြစ်ကြောင်း၊ တိုင်းရင်းသားလူမျိုးများအလိုက် ဘာသာစကားရောစာပေပါ ဖွံ့ဖြိုးတိုးတက်အောင်၊ တွင်ကျယ်အောင် လက်ဆင့်ကမ်းထိန်းသိမ်းနိုင်ဖို့ နိုင်ငံတော်အဆင့်ကနေ ကြိုးစားပေးဖို့ တိုက်တွန်းနေကြတာဟာ ကျွန်မတို့လူ့အဖွဲ့ အစည်းရဲ့ ယဉ်ကျေးမှုကို ထိန်းသိမ်းနိုင်ဖို့သာဖြစ်ကြောင်း၊ ရိုးရာဝတ်စုံတွေကိုဝတ်ရုံနဲ့ ယဉ်ကျေးမှုအမွေအနှစ်ကို ထိန်းသိမ်းတာပြည့်စုံပြီလို့ ဘယ်လိုမှမဆိုနိုင် ဘူးဆိုတာကို စဉ်းစားဖို့လိုကြောင်း၊ ယဉ်ကျေးမှုတွေဆိုတာ အချိန်ကာလအကြာကြီးအတွင်း လူအများကြီးက တစ်ပြိုင်တည်း တစ်ပုံစံတည်း ပြုမှုပြောဆို တွေးကြံမှုတွေကနေ ပေါ်ထွက်လာတာမို့ ကောင်းတဲ့ယဉ်ကျေးမှုမျိုးကို ထိန်းသိမ်းပျိုးထောင်နိုင်ဖို့ရာ မကောင်းတဲ့မယဉ်ကျေးတဲ့ ယဉ်ကျေးမှုမျိုးကို တွန်းလှန် ဖောက်ထွက်နိုင်ဖို့ပါ မျိုးဆက်အလိုက် လူပေါင်းထောင်သောင်က တစ်ဦးတစ်ယောက်ချင်းစီအနေနဲ့ အချိန်ပေါင်းများစွာယူပြီးကို အားထုတ်ဖို့လိုကြောင်းကို အကျယ်တဝင့် ဆွေးနွေးပြောကြားခဲ့ရာ တက်ရောက်လာကြ သော စာပေဝါသနာရှင်များက အပြန်အလှန် ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
ပေးပို့သူ −မြမြမွန် (မြစ်သား)