သင်္ဃန်းကျွန်းမြို့နယ်တွင် အသက်(၄၀) နှစ်နှင့် အထက် ပြည်သူများအား (Sinovac) ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေး

သင်္ဃန်းကျွန်း ဇန်နဝါရီ ၁၂

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်တွင် အသက်(၄၀)နှစ်နှင့် အထက် ပြည်သူများနှင့် အကြောင်းအမျိုးမျိုးကြောင့် ဒုတိယအကြိမ် ကာကွယ်ဆေး မထိုးနှံရသေးသော ပြည်သူ(၇၂၁)ဦးအား ဆ/ကရပ်ကွက်၊ ကျိုက္ကဆံဘုရားဝင်းအတွင်းရှိ ဓမ္မဗိမာန်တော်၌ ယမန်နေ့ နံနက် ၈ နာရီမှ ညနေ ၃ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဒုတိယအကြိမ် ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ထိုသို့ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်း ဆောင်ရွက်ရာတွင် ကာကွယ်ဆေးထိုးနှံရန် လာရောက်ကြသော ပြည်သူများအား ကာကွယ်ဆေး ထိုးနှံခြင်းမပြုမီ ကျန်းမာရေးဝန်ထမ်းများ နှင့် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်း ကော်မတီအဖွဲ့များ၊ မြန်မာနိုင်ငံကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ Volunteer များက ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ သွေးအတွင်း အောက်ဆီဂျင် တိုင်းတာပေး ခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အသက်(၄၀)နှစ်နှင့် အထက် ပြည်သူများနှင့် အကြောင်းအမျိုးမျိုးကြောင့် ကိုဗစ်ရောဂါ ကာကွယ်ဆေး မထိုးနှံရသေးသော ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သတ်မှတ်အုပ်စုများအလိုက် နေ့စဉ် ထိုးနှံပေးလျက်ရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

စန္ဒာမိုး(ပြန်/ဆက်)