ကျိုက်မရောမြို့နယ်တွင် စားသုံးရန်မသင့်သော အစားအသောက်အမှတ်တံဆိပ်ပါ စားသောက်ကုန်များ စျေးကွက်အတွင်း ရောင်းချခြင်း မရှိစေရန် စစ်ဆေးဆောင်ရွက်

ကျိုက်မရော ဇန်နဝါရီ ၁၂

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်စည်ပင်သာယာ မြို့မစျေးကြီးအတွင်း စားသုံးရန်မသင့်သော အစားအသောက် အမှတ်တံဆိပ်ပါ စားသောက်ကုန်များအား စျေးကွက်အတွင်း ရောင်းချခြင်း မရှိစေရန် ယမန်နေ့ နံနက် ၁၀ နာရီက စားသုံးသူရေးရာ ဦးစီးဌာနနှင့်   မြို့နယ်ဌာနဆိုင်ရာ      ပူးပေါင်းအဖွဲ့များက သွားရောက် စစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့စစ်ဆေးရာ၌  ကျိုက်မရောမြို့နယ်အတွင်း  မွန်ပြည်နယ် အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေး ဦးစီးဌာန၏  ညွှန်ကြားချက်များ၊  သတ်မှတ်ချက်များနှင့်   ကိုက်ညီမှုမရှိသည့်     အစားအသောက်များ ရောင်းချခြင်း မရှိစေရန်နှင့် စျေးကွက်အတွင်း လက်ကျန်မရှိစေရေး ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ရာ စားသုံးသူရေးရာ ဦးစီးဌာနမှ တာဝန်ခံ ဦးအောင်ညီညီခန့်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ စျေးခေါင်း ဒေါ်ခင်မာချိုနှင့် စျေးကော်မတီဝင်များ၊ ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များက စျေးအတွင်း/ အပြင်ကုန်စုံဆိုင်၊ မုန့်မျိုးစုံဆိုင်များအား  စားသုံးသူများ၏ ကျန်းမာရေး ထိခိုက်စေနိုင်သော  ခွင့်မပြု တာရှည်ခံ ဓာတုပစ္စည်းများ၊ ခွင့်မပြုဆိုးဆေးများပါဝင်သည့်  အစားအသောက်များအား  စားသုံးခြင်းမပြုရန် အသိပညာပေး လက်ကမ်းစာစောင်များကို စျေးသူ၊စျေးသားများနှင့် ဆိုင်ပိုင်ရှင်များထံ ဖြန့်ဝေပေးသည်။

ထို့အတူကုန်ပစ္စည်းများတွင်လည်း အမှတ်အသားတံဆိပ်များကပ်၍ ရောင်းချကြရန်၊ ညွှန်ကြားချက်များနှင့် ကိုက်ညီမှုမရှိပဲ ရောင်းချခြင်းများ တွေ့ရှိပါက  ဥပဒေအရ အရေးယူ သွားမည်ဖြစ်ကြောင်း  စည်းကမ်းတကျ လိုက်နာကြပါက ရောင်းသူ/ဝယ်သူ အန္တရာယ် ကင်းမည်ဖြစ်ကြောင်း စားသုံးသူရေးရာ ဦးစီးဌာနမှ ဦးအောင်ညီညီခန့်က ရှင်းလင်း ဆွေးနွေး ပေးကြောင်း သိရသည်။

ချိုမြတ်မြတ်ထွေး(ကျိုက်မရော)