သံတွဲ ဇန်နဝါရီ ၁၂
သံတွဲခရိုင်လူထုအခြေပြုဗဟိုဌာန (Community Center)၌ Youth Club ၏ ရှေ့လုပ်ငန်းစဉ်များ ဆွေးနွေးခြင်းကို ယမန်နေ့ မွန်းတည့် ၁၂ နာရီက အဆိုပါစင်တာရှိ အစည်းအဝေး ခန်းမ၌ ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆွေးနွေးရာတွင် ဦးစီးအရာရှိ ဒေါ်လဲ့လဲ့ဝင်းက Youth Club ၏ ရှေ့ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ဆွေးနွေးပြောကြားခဲ့သည်။ ထို့နောက် Youth Club အဖွဲ့ဝင်များက အားကစားခန်းမအတွင်း အမျိုးသား၊ အမျိုးသမီးများ အားကစား ဆောင်ရွက်နေမှု အခြေအနေများနှင့် အားကစားဆောင်ရွက်ရန် အဖွဲ့ဝင်ရောက်မှု အခြေအနေများ၊ အားကစားဆောင်ရွက်ရာတွင် ကစားသမားများ အေးချမ်းပျော်ရွှင်စွာ ကစားနိုင်ရေးအတွက် စည်းကမ်းချက်များ သတ်မှတ်ပေးနိုင်ရေးနှင့် အားကစား ဆောင်ရွက်မည့် အချိန်သတ်မှတ် ပေးနိုင်ရေးတို့ကို ဆွေးနွေးတင်ပြကြသည်။
အဆိုပါတင်ပြဆွေးနွေးချက်များအပေါ် ဦးစီးအရာရှိက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။ ထို့နောက် Youth Club အဖွဲ့များအနေဖြင့် စာဖတ်ဝိုင်းများ ဆောင်ရွက်ခြင်း၊ အမျိုးသမီးကဏ္ဍဆိုင်ရာ ဆွေးနွေးပွဲများပြုလုပ် အသိပညာပေးခြင်း၊ သံတွဲဒေသရှိ ကလေးသူငယ်များအား အသိပညာဗဟုသုတများ ဖြန့်ဝေနိုင်ရေးအတွက် သံတွဲခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre)သို့ ကလေး၊ လူငယ်များ ရောက်ရှိလာအောင် အားကစားပွဲများ၊ စာပေဆိုင်ရာပြိုင်ပွဲများကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရေးတို့ကို ပြန်လည် ဆွေးနွေးခဲ့သည်။
ခရိုင်(ပြန်/ဆက်)