ကိုဗစ်-၁၉ ဗီဇပြောင်း အိုမီခရွန်ရောဂါပိုးသတိပြုကာကွယ်ရေး ပျော်ဘွယ်မြို့နယ်တွင်အသိပေးနှိုးဆော်လျက်ရှိ

ပျော်ဘွယ် ဇန်နဝါရီ ၁၂

ပျော်ဘွယ်မြို့နယ်အတွင်း ကိုဗစ်-၁၉ ဗီဇပြောင်း အိုမီခရွန်ရောဂါပိုးအား သတိပြုကာကွယ် နိုင်စေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းတို့သည် အသိပညာပေး နှိုးဆော်ခြင်းကို ယနေ့ နံနက်(၁၀)နာရီက မြင်းဘက်ရပ်ကွက်တွင် ဆောင်ရွက်ခဲ့ကြသည်။

“ကျွန်မတို့အနေနဲ့ ကိုဗစ်-၁၉ဗီဇပြောင်း အိုမီခရွန်ရောဂါအကြောင်းကို ပြည်သူတွေသိရှိအောင်ဆိုပြီး ယခုလို အသံချဲ့စက်ငယ်နဲ့လိုက်လံအသိပေးနှိုးဆော်ပေးနေခြင်းဖြစ်ပါတယ်၊ မြို့နယ်အတွင်းမှာ ရောဂါဖြစ်ပွားမှုနှုန်းကျဆင်း လာပြီဆိုပေမယ့် ဗီဇပြောင်းပြီး ဝင်ရောက်လာတဲ့ရောဂါကို သတိရှိစွာနဲ့ ကာကွယ်နိုင်ဖို့ ဖြစ်ပါတယ်”ဟု မြို့နယ်ဦးစီးမှူး ဒေါ်စန်းစန်းကြူက ရှင်းပြသည်။

ထိုသို့အသိပေးနှိုးဆော်ရာတွင် ပြည်သူများအနေဖြင့် တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေထိုင်ကြရန်၊ ပါးစပ်နှင့် နှာခေါင်းစည်းတပ်ဆင်ကြရန်၊ နှာခေါင်းစည်းတပ်ဆင်ရာတွင်လည်း မတပ်ခင်လက်ကို စနစ်တကျသန့်ရှင်းရန်၊ အသုံးပြုပြီးသော နှာခေါင်းစည်းများကို စနစ်တကျစွန့်ပစ်ရန်၊ ချောင်းဆိုး နှာချေလျှင် တံတောင်ဆစ်ကွေးနှင့်အုပ်၍ ကာရံသွားရန်၊ မိမိတို့နေအိမ် ပြတင်းပေါက်များအား လေဝင်ထွက်မှုကောင်းမွန်ရေး ဖွင့်ထားကြရန်၊ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စည်းကမ်းချက်များအတိုင်း လိုက်နာနေထိုင်ရန်နှင့် ကာကွယ်ဆေးထိုးနှံမှုကို အကြိမ်ပြည့် ထိုးနှံနိုင်ရေးတို့အား အသိပေးနှိုးဆော်ခဲ့ကြောင်း  သိရသည်။

မင်းမင်းထွေး(ပျော်ဘွယ်)