ထန်းတပင်မြို့နယ်အတွင်းရှိ ကျေးရွာနေပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများအား ပန်းခင်းစီမံချက်အကြောင်း အသိပညာပေးရှင်းလင်း

ထန်းတပင်(ရန်ကုန်) ဇန်နဝါရီ ၁၂

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင် မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့” ဆောင်ပုဒ် နှင့်အညီ ပန်းခင်းစီမံချက်ဖြင့် ကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုး ထုတ်ပေးနိုင်ရေး အတွက်  ရပ်ကွက်၊ ကျေးရွာများအရောက် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ကွင်းဆင်း ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိသလို  ပန်းခင်းစီမံချက်အကြောင်းအရာများနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြား၏ အရေးကြီးပုံများကိုလည်း ရပ်ကွက်၊ ကျေးရွာနေပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများအား အသိပညာပေး ဆောင်ရွက်လျက်ရှိကြောင်းလည်း သိရ သည်။

အသိပညာပေး ဆောင်ရွက်ရာတွင်လည်း ယမန်နေ့ နံနက်ပိုင်းက ရခိုင်ရိုးကြီးကျေးရွာနှင့် ထိန်နှစ်ပင်ကျေးရွာရှိ အခြေခံပညာကျောင်းသို့ သွားရောက်ကာ ကျေးရွာနေပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများအား ပန်းခင်းစီမံချက်ဖြင့် ကိုင်ဆောင်သင့်သည့် ကတ်ပြား တစ်မျိုးမျိုး ရရှိနိုင်ရေးအတွက် ပန်းခင်းစီမံချက်ဖြင့် လက်ရှိဆောင်ရွက်ပေးနေမှု အခြေအနေ များ၊ နိုင်ငံသားစိစစ်ရေးကတ်ပြား၏ အရေးကြီးပုံနှင့် စနစ်တကျ ကိုင်ဆောင်ထိန်းသိမ်းရန် လိုအပ်ပုံများကို ထန်းတပင်မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးခင်ဆွေနှင့် ဝန်ထမ်း များက အသိပညာပေးရှင်းလင်း ဆောင်ရွက်ခဲ့ကြသလို ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက် ပေးနေသော ကတ်ပြားတစ်မျိုးမျိုး ရရှိရေးအတွက် နိုင်ငံသားတိုင်း အားလုံး ပူးပေါင်းပါဝင် ဆောင်ရွက်ရန် လိုအပ်ပါကြောင်းတို့ကို ရှင်းလင်းပြောကြားခဲ့ကြောင်းလည်း သိရသည်။

ထန်းတပင်မြို့နယ်အတွင်း ပန်းခင်းစီမံချက်ဖြင့် ကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုး ထုတ်ပေးနိုင်ရေးအတွက်  ရပ်ကွက်ကျေးရွာနေ ပြည်သူများအား နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ကွင်းဆင်းပြုလုပ် ဆောင်ရွက်ပေးခြင်းကို ၂၀၂၁ ခုနှစ်၊ မေလ(၃)ရက် နေ့မှ စတင်၍ ဆောင်ရွက်ပေးလျက်ရှိပြီး ဇန်နဝါရီလ(၁၁)ရက်နေ့အထိ အသက်(၁၀)နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြား လျှောက်ထားသူ (၁၄၁၉) ဦးနှင့် အသက်(၁၈)ပြည့် နိုင်ငံသား စိစစ်ရေးကတ်ပြား လျှောက်ထားသူ (၉၅၈၁)ဦး စုစုပေါင်း နိုင်ငံသားစိစစ်ရေးကတ်ပြား လျှောက်ထားသူ (၁၁၀၀၀)ဦးတို့ကို နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ဆောင်ရွက်ပေး နိုင်ခဲ့ကြောင်းလည်း သိရသည်။     

ဇင်မင်းထိုက်(ထန်းတပင်)