မလှိုင်မြို့နယ် ကျောက်တန်းကျေးရွာ လယ်ထွေသမဝါယမအသင်း၏ နှစ်ပတ်လည် အစည်းဝေးနှင့် အမှုဆောင်သစ် ရွေးချယ်တင်မြှောက်ပွဲ ကျင်းပ

မလှိုင်  ဇန်နဝါရီ   ၁၂

မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်၊ ကျောက်တန်းကျေးရွာ၊ ကျောက်တန်းလယ်ထွေ သမဝါ ယမအသင်း၏ ၂ဝ၂ဝ- ၂ဝ၂၁ ဘဏ္ဍာနှစ်၊ နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာအစည်းဝေးနှင့် အမှုဆောင်သစ် ရွေးချယ်တင်မြှောက်ပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက ကျောက်တန်းကျေးရွာ လယ်ထွေ သမဝါယမ အသင်းရုံး၌ ကျင်းပခဲ့ကြောင်းသိရသည်။

အခမ်းအနားတွင် မြို့နယ်သမဝါယမ ဦးစီးဌာန၊ ဦးစီးမှူး ဦးအောင်ကိုလတ်က နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာ အစည်းဝေးကျင်းပ ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ဦးစီးမှူး ဒေါ်အေးအေးမွန်က သမဝါယမအသင်းနှင့် ပတ်သက်၍ ဥပဒေ၊ နည်းဥပဒေ လုပ်ထုံး လုပ်နည်းများကိုရှင်းလင်း ပြောကြားသည်။  ယင်းနောက် အကြီးတန်းစာရေး ဦးဝေယံမင်းကျော်က ၂ဝ၂ဝ-၂ဝ၂၁ ခုနှစ်  ဘဏ္ဍာရေး ရှင်းတန်းကို  ဖတ်ကြားတင်သွင်းခဲ့ပြီး လုပ်ငန်းအစီရင်ခံစာ အပေါ် အသင်းသားများက အကြံပြုဆွေးနွေးရန်နှင့် ကန့်ကွက်ရန် မရှိသဖြင့် ကျောက်တန်းကျေးရွာ လယ်ထွေ သမဝါယမ အသင်း၏ အမှုဆောင်သစ် ရွေးချယ်ပွဲကို ဆက်လက် ကျင်းပပေးခဲ့သည်။

ယင်းနောက် တက်ရောက်လာသော အသင်းသားများက  အများဆန္ဒအရ ဥက္ကဋ္ဌအဖြစ် ဒေါ်မြမြသွေး၊ အဖွဲ့ဝင်အဖြစ် ဦးတင်လင်း၊ စာရင်းစစ်များအဖြစ် ဦးစိုးညွန့်နှင့်ဒေါ်ညွန့်ရီ၊ အတွင်းရေးမှူးအဖြစ် ဦးကြယ်နီတို့ကို ရွေးချယ်ပေးခဲ့ကြပြီး အမှုဆောင်သစ် ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ သည်  သဘာပတိရှေ့တွင် ကတိသစ္စာ ခံယူခဲ့ကြသည်။  

ထို့နောက် အသင်းသားများ၏ စုဆောင်းငွေအပေါ် အတိုးရရှိငွေ ( ၁ဝဝ၈ဝ၂၂၄)ကျပ်ကို ဦးဝေယံမင်းကျော်က နှစ်ပတ်လည်အစည်းဝေးသို့ တက်ရောက်လာသည့် အသင်းသား များလက်ဝယ်သို့ ပေးအပ်ခဲ့ပြီး အစည်းဝေးသို့ အသင်းသား/သူ(၁၈ဝ)ဦးတက်ရောက်ခဲ့ကြောင်းသိရသည်။

အောင်ဌေး(မလှိုင် )