ရန်ကုန် ဇန်နဝါရီ ၁၁
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်အတွင်းရှိ စျေးများတွင် မီးဘေးအန္တရာယ်ကင်းဝေးစေရေးအတွက် မြို့နယ်စည်ပင်သာယာရေးကော်မတီ၏ စီစဉ်မှုဖြင့် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့မွန်းလွဲပိုင်းအချိန်က မြို့နယ်အတွင်းရှိ စျေးများတွင် မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့ မီးငြှိမ်းသတ်ရေး ဇာတ်တိုက်သရုပ်ပြ လေ့ကျင့်ခြင်းများကို ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ် -၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ပြုလုပ်ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ တာမွေမြို့နယ်အတွင်းရှိ စျေးများ၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောရာတွင် အရေးပေါ်မီးလောင်ကျွမ်းမှု ဖြစ်ပေါ်သည့်အခါ စနစ်တကျ မီးငြှိမ်းသတ်ရေးနည်းစနစ်များ၊ မီးသဘောသဘာဝများ၊ မီးအတန်းအစားအမျိုးမျိုး၊ မီးစတင်လောင်ကျွမ်းခြင်းများ၊ မီးသတ်ဆေးဘူးအမျိုးမျိုးနှင့် မီးဘေးကြိုတင်ကာကွယ်ရေး လုပ်ငန်းစဉ်များကို စျေးသူ/စျေးသား များနှင့် ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်အတွက် အသေးစိတ် အသိပညာပေး ရှင်းလင်းဟောပြောခဲ့ပြီး မီးငြှိမ်းသတ်ရေး ကိရိယာအမျိုးမျိုးနှင့် မီးသတ်ဆေးဘူးများကို လက်တွေ့အသုံးပြု၍ စနစ်တကျ မီးငြှိမ်သတ်ခြင်းများ ဇာတ်တိုက်သရုပ်ပြ လေ့ကျင့်ခြင်းကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့ကြသည်။
ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်တွင် ၂၀၂၁ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ မီးလောင်မှုအကြိမ်ရေ (၅)ကြိမ် ဖြစ်ပွားခဲ့ပြီး ပေါ့ဆမီးကြောင့် တစ်ကြိမ်၊ မသမာသူများကြောင့်(၄)ကြိမ် ဖြစ်ပေါ်ခဲ့ကာ ဆုံးရှုံးမှုးတန်ဖိုး ငွေကျပ် (၈.၅၅)သန်းခန့်ရှိကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သတင်းရသည်။
နိုင်လင်းအောင်(ပြန်/ဆက်)