မော်လမြိုင် ဇန်နဝါရီ ၁၁
မွန်ပြည်နယ်အတွင်း သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ကာကွယ်နိုင်ရေးနှင့်ပတ်သက်၍ ဖြစ်ပွားလာပါက အရေးပေါ်တုံ့ပြန်နိုင်ရေးအတွက် သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့၏ (၁/၂၀၂၂) လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီခွဲက မွန်ပြည်နယ် အစိုးရအဖွဲ့ရုံး အောင်ဆန်းခန်းမ၌ ကျင်းပခဲ့ရာ မွန်ပြည်နယ် သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ပြည်နယ်၀န်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊ ခရိုင်နှင့်မြို့နယ်အဆင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာပြည်နယ် ဝန်ကြီးချုပ်က သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍ ကြိုတင်ကာကွယ်နိုင်ရေးနှင့် အရေးပေါ် တုံ့ပြန်နိုင်ရေး အထူးအလေးထား ဆောင်ရွက်ကြစေလိုကြောင်း၊ သက်ဆိုင်ရာ မြို့နယ်များအလိုက် စီမံချက်များ ရေးဆွဲ၍ ကြိုတင်ဆောင်ရွက်ရန်၊ မွန်ပြည်နယ်သည် နှစ်စဉ်မိုးများစွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပွား လျက်ရှိသဖြင့် မြို့တွင်းရေစီးရေလာ ကောင်းမွန်စေရေး၊ Cyclone Shelter များ ကြိုတင် ဆောင်ရွက်ထားကြရန် လမ်းညွှန်မှာကြားသည်။
ထို့နောက် တက်ရောက်ကြသည့် အဖွဲ၀င်များက သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု လုပ်ငန်းကိစ္စရပ်များနှင့် ပတ်သက်၍ ဆွေးနွေးတင်ပြမှုအပေါ် ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
မွန်ပြည်နယ်အနေဖြင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုနှင့် ပတ်သက်၍ အရေးပေါ် တုံ့ပြန်နိုင်ရေး၊ သတင်းအချက်အလက်များ အချိန်မီရရှိစေရေး၊ သဘာဝဘေးအန္တရာယ် ဖြစ်ပွားပါက ပြန်လည်ကုစားနိုင်ရေးနှင့် နောက်ဆက်တွဲ ဖြေရှင်းရမည့် ကိစ္စရပ်များကို အထူးအလေးပေးနိုင်ရန် ပြင်ဆင်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
ဇာဖြူဝင်း(ပြန်/ဆက်)