မင်္ဂလာဒုံ မြို့နယ်တွင် အသက် (၁၈) နှစ်နှင့်အထက် ပြည်သူများအား ပထမအကြိမ်နှင့် ဒုတိယ အကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံ

 

မင်္ဂလာဒုံ ဇန်နဝါရီ ၁၁

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်တွင် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများနှင့် သတ်မှတ်ဦးတည်အုပ်စုတွင် ပါဝင်သူများအား ယနေ့နံနက်ပိုင်းတွင် ပထမ အကြိမ်နှင့် ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ထိုသို့ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံခြင်း ဆောင်ရွက်ရာတွင် ကာကွယ်ဆေးထိုးနှံရန်လာ ရောက်ကြသော ပြည်သူများအား ကာကွယ်ဆေး ထိုးနှံခြင်းမပြုမီ ကျန်းမာရေးဝန်ထမ်းများနှင့် မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် အရေးပေါ်တုန့်ပြန်ရေးလုပ်ငန်း ကော်မတီအဖွဲ့များ၊ မြန်မာနိုင်ငံ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ Volunteer များက ကိုယ်အပူချိန်တိုင်း တာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ သွေးအတွင်း အောက်ဆီဂျင်ပါဝင်မှု ပမာဏ တိုင်းတာပေးခြင်းတို့ကို ဆောင်ရွက်ပေးပြီး ပုံမှန်အနေအထားရှိမှသာ ကာကွယ်ဆေး ထိုးနှံပေးခြင်းဖြစ်ကာ ဆေးထိုးနှံပြီးရာတွင်လည်း မိနစ်(၃၀) အကြာ စောင့်ကြည့်ပြီးမှ ပြန်လည်ထွက်ခွာခွင့် ပြုပြီးကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံပြီးသူများအား QR Code စနစ်ပါဝင်သည့် ကာကွယ်ဆေးထိုးနှံပြီးကြောင်း မှတ်တမ်းစာရွက်များအား ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။

အသက် (၁၈) နှစ်နှင့်အထက်ပြည်သူများအား ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ်နှင့် ဒုတိယအကြိမ် ထိုးနှံပေးရာတွင် မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊ ထောက်ကြန့်ကိုဗစ် စင်တာ၊ ပတ္တမြားရပ်ကွက် စသည်တို့တွင် သတ်မှတ်အုပ်စုများအလိုက် နေ့စဉ် ထိုးနှံပေးလျက် ရှိပြီး ယနေ့တွင် ပထမအကြိမ်နှင့် ဒုတိယအကြိမ် ကာကွယ်ဆေး ထိုးနှံသူ စုစုပေါင်း (၂၈၆၈) ဦးရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

သန္တာ(ပြန်/ဆက်)