နမ့်ခမ်းမြို့ရှိ (IDPs) တိုက်ပွဲရှောင်စခန်းသို့ ကိုဗစ်-၁၉ ရောဂါ မျိုးဗီဇပြောင်း အိုမီခရွန်(Omicro)ရောဂါ အသိပညာပေး ဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်

နမ့်ခမ်း ဇန်နဝါရီ ၁၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့ရှိ (IDPs) တိုက်ပွဲရှောင်စခန်းဖြစ်သည့် "ဂျော်(၂)" ၌ ယနေ့နံနက် (၉) နာရီခွဲအချိန်က မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့က ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ မျိုးဗီဇပြောင်း အိုမီခရွန် (Omicron) ရောဂါ အသိပညာပေး ဟောပြောပွဲ ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အသိပညာပေးဟောပြောပွဲတွင် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင်တင်စန်းက ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များ၊ နှာခေါင်းစည်း (mask) စနစ်တကျ တပ်ဆင်ပုံများ၊ (IDPs) တိုက်ပွဲရှောင်စခန်းတွင် မိသားစုဝင်များနှင့် လူဦးရေများ စုပေါင်းနေထိုင်သည့် နေရာဖြစ်သည့်အတွက် ရောဂါကူးစက် ပြန့်ပွားမှုမရှိစေရန် အလွန်အရေးကြီးကြောင်းနှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည့် ကျန်းမာရေးလမ်းညွှန်ချက်များကို တိကျစွာလိုက်နာနေထိုင်ရမည်ဖြစ်ကြောင်း ရှင်းလင်းဟောပြောပြီး မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ စာကြည့်တိုက်မှူး ဦးရိုင်အောင်ဆန်းက ကိုဗစ်-၁၉ ရောဂါ မျိုးဗီဇပြောင်း အိုမီခရွန်(Omicron) ရောဂါ အကြောင်း သိကောင်းစရာ အသိပညာပေး နံရံကပ်စာစောင်များရှင်းလင်းပြသခြင်း၊ မြို့နယ်ပြည်သူ့စာကြည့်တိုက်ရှိ သုတရသစာအုပ်စာစောင်များကို မိတ်ဆက်ပြသခြင်းများ ​ဆောင်ရွက်ခဲ့သည်။

နမ့်ခမ်းမြို့ရှိ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့မှ ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါနှင့် ကိုဗစ်-၁၉ရောဂါ မျိုးဗီဇပြောင်း အိုမီခရွန် (Omicron) ရောဂါအကြောင်း အသိပညာပေး ဟောပြောခြင်းနှင့် စာအုပ်စာစောင်များဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန် စာအုပ်စာစောင်မိတ်ဆက်ခြင်း စသည့် ပြည်သူ့ အကျိုးပြု လုပ်ငန်းများကို မြို့ပေါ်နှင့်ကျေးရွာများသို့ ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဆိုင်ထွန်း(နမ့်ခမ်း)