နမ့်ခမ်းမြို့၌ ကိုဗစ်-၁၉​ ဗီဇပြောင်းမျိုးကွဲ အိုမီခရွန် (Omicron)ရောဂါ ကြိုတင်ကာကွယ်ရေး အသိ ပညာပေး လမ်းညွှန်ချက်များနှိုးဆော်

နမ့်ခမ်း ဇန်နဝါရီ

မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့တွင် ကိုဗစ်-၁၉ ရောဂါနှင့် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ အိုမီခရွန်(Omicron) ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို ဒေသခံပြည်သူများက ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ရေး အသိပညာပေး နှိုးဆော်ခြင်းကို ယနေ့ နံနက်ပိုင်း(၉)နာရီအချိန်က မြို့ပေါ်ရှိလူစည်ကားရာနေရာများ၌ လှည့်လည်နှိုးဆော်ခဲ့ကြောင်း သိရသည်။

နမ့်ခမ်းမြို့တွင် ကိုဗစ်-၁၉ ရောဂါနှင့် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ အိုမီခရွန် (Omicron)ရောဂါ အသိပညာပေး နှိုးဆော်ခြင်းလုပ်ငန်း အရှိန်အဟုန်မပျက် ဆောင်ရွက်လျက်ရှိရာ ကိုဗစ်-၁၉ ဗီဇပြောင်း မျိုးကွဲ အိုမီခရွန် (Omicron) ရောဂါသည် မူလကိုဗစ်-၁၉ နှင့် လုံးဝမတူခြင်း၊ လက်ရှိကာကွယ်ဆေး များကို ထိရောက်မှု လျော့ကျနိုင်စေခြင်း၊ ယခင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပြီးသူများလည်း ထပ်မံဖြစ်ပွား နိုင်ခြင်း၊ ရောဂါကူးစက်မှု ပိုမိုမြန်ဆန်ခြင်းတို့ကြောင့် ဒေသခံပြည်သူများအနေဖြင့် ပြင်ပဧည့်သည်များ လက်မခံရန်၊ အခြားသူများထံ သွားရောက်ခြင်းမပြုကြရန်၊ အိမ်ပြင်ထွက်ပါက နှာခေါင်းစည်း(Mask) ကို စနစ်တကျ တပ်ဆင်၍ သွားလာကြရန်၊ လက်ကို မကြာခဏ ဆပ်ပြာဖြင့် စနစ်တကျ စက္ကန့်(၂၀) ကြာ ဆေးကြောရန်၊ လူထူထပ်သည့် နေရာများသို့ သွားရောက်ခြင်းမှ ရှောင်ကြဉ်ရန်၊ နှာခေါင်းစည်း (Mask)မတပ်ဆင်ထားသော သူများနှင့် တွေ့ဆုံခြင်း၊ စကားပြောခြင်း၊ ဈေးဝယ်ခြင်းမှ ရှောင်ကြဉ်ကြ ရန်နှင့် မိမိအနေဖြင့် ရောဂါကူးစက်ခံရသည်ဟု  သံသယရှိပါက နီးစပ်ရာ ကျန်းမာရေးဦးစီးဌာနသို့ သွားရောက်စစ်ဆေးကုသရန်၊ ကျန်းမာရေးဦးစီးဌာန၏ လမ်းညွှန်ချက်အတိုင်း တိကျစွာ လိုက်နာကြ ရန်၊ ရောဂါကူးစက်ပြန့်ပွားမှုမှ ကြိုတင်ကာကွယ်နိုင်ရန်အတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန် ထားသော ကျန်းမားရေးလမ်းချက်များကို ပြည်သူများအနေဖြင့် စနစ်တကျလိုက်နာပူးပေါင်း ဆောင်ရွက်နိုင်ရေးအတွက် နမ့်ခမ်းမြို့ရှိ လူစည်ကားရာနေရာဖြစ်သည့် အမြန်ယာဉ်ငယ်ကားဂိတ်များ၊ မြို့မစျေး၊ လမ်းဆုံနေရာများ၊ ပန်ပွဲညစျေးနှင့် မြို့ပေါ်ရပ်ကွက်များသို့ လိုက်လံဆော်သြခဲ့ကြသည်။

ရောဂါကြိုတင် ကာကွယ်ရေးလုပ်ငန်း နှိုးဆော်ခြင်းကို မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ကုသရေးကော်မတီဝင်များ၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူမှုဝန်ထမ်း ဦးစီးဌာနမှ ဝန်ထမ်းများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။

ဘဦး(နမ့်ခမ်း)