ဆီဆိုင် ဇန်နဝါရီ ၁၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနနှင့် ပူးပေါင်းပြီး အသက်မွေးဝမ်းကျောင်း အထောက် အကူပြု စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ ပညာပေးသင်တန်းကို ယနေ့ နံနက်ပိုင်းမှ စတင်၍ နောင်ကျောကျေးရွာအုပ်စု၊ ဟော်မြောက်ကျေးရွာခန်းမ၌ ဖွင့်လှစ်သင်ကြား ပေးလျက်ရှိသည်။
ထိုသို့ ဖွင့်လှစ်သင်ကြားရာတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးကျော်ဝင်းမှ မြန်မာ့ စိုက်ပျိုး ရေးဆိုင်ရာ အလေ့အကျင့်အကောင်းများတွင် ပါဝင်သည့် ကဏ္ဍများ၊ အစားအစာအန္တရာယ် ကင်းရှင်းရေးကဏ္ဍတွင်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးကဏ္ဍ၊ သီးနှံများ၏ အရည်အသွေးကဏ္ဍ၊ လုပ်သား များကျန်းမာရေး၊ ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် လူမှုဘဝသာယာရေးကဏ္ဍ၊ မြန်မာ့စိုက်ပျိုးရေး ဆိုင်ရာ အလေ့အကျင့်ကောင်းများ ဆောင်ရွက်ရာတွင် စသည့်ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ထို့နောက် လက်ထောက်ဦးစီးမှူး ဒေါ်နန်းခင်လေးမှ အကျိုးဆောင်တောင်သူ ရွေးချယ်ခြင်း၊ မြေနေရာရွေးခြင်း၊ မျိုးရွေးချယ်ခြင်း၊ မျိုးစေ့ရယူစိုက်ပျိုးခြင်း၊ စနစ်တကျစိုက်ပျိုးခြင်း၊ မျိုးကွဲနှုတ်ပါယ်ခြင်း၊ ရိတ်သိမ်း၊ နယ်လှေ့၊ အခြောက်ခံခြင်းနှင့် သိုလှောင်ခြင်း၊ မျိုးစေ့ထောက်ခံချက်ပေးခြင်း စသည့်ခေါင်းစဉ်ဖြင့် အသီးသီးရှင်းလင်းပို့ချ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
အဆိုပါ သင်တန်းတွင် သင်တန်းနည်းပြဆရာ (၂)ဦးတို့က ပင်စုံကျေးရွာအုပ်စုနှင့် နောင်ကျောကျေးရွာ အုပ်စု အတွင်းရှိ ကျေးရွာများမှ သင်တန်းသား၊ သင်တန်းသူ (၂၀)ဦးတို့အား ဇန်နဝါရီ ၁၁ ရက်နေ့မှ ၁၇ ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
မျိုးမြတ်(ဆီဆိုင်)