တောင်ဥက္ကလာပမြို့နယ်တွင် ဦးစားပေးဦးတည်အုပ်စုများအလိုက် ပြည်သူများအား ကိုဗစ် -၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ်ထိုးပြီးသူများအား ဒုတိယအကြိမ်ဆက်လက်ထိုးနှံ

တောင်ဥက္ကလာပ ဇန်နဝါရီ ၁၁

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် ဦးစားပေးဦးတည် အုပ်စုများအလိုက် ပြည်သူများကို ယနေ့နံနက်(၉)နာရီ အချိန်မှစတင်၍ သတ်မှတ်စုရပ်နေရာ အသီးသီးတို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးပထမအကြိမ် ထိုးနှံပြီးသူများအား ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးပေးရာတွင် ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးဖြစ်သည့် တရုတ်နိုင်ငံထုတ် Sinovac အမျိုးအစား ကာကွယ်ဆေးကို မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှဝန်ထမ်းများက ဦးစားပေးဦးတည်အုပ်စုအလိုက် ပြည်သူများကိုစုရပ်များခွဲ၍ ကာကွယ်ဆေးထိုးပေးခဲ့ပြီး မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်မိုးနှင့် အဖွဲ့၀င်များ၊ မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲဝင်များ၊ ကြက်ခြေနီတပ်ဖွဲဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် အဖွဲ့ဝင်များမှလာရောက်၍လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက် ပေးကြောင်း သိရသည်။

တောင်ဥက္ကလာပမြို့နယ်အတွင်းတွင် ရပ်ကွက်(၁၃)ခုရှိပြီး ဦးစားပေးဦးတည်အုပ်စုအလိုက် ပြည်သူများကို အမှတ်(၁၀)ရပ်ကွက်ရှိ ဟေမဝန်ဓမ္မာရုံ၊ အမှတ်(၁၄)ရပ်ကွက်ရှိ မုနိဓမ္မာရုံ၊ အမှတ်(၁၁)ရပ်ကွက်ရှိ သာသနာ့ဟိတဓမ္မာရုံ၊ အမှတ်(၄)ရပ်ကွက်ရှိ လူထုဓမ္မာရုံနှင့် အမှတ်(၆) ရပ်ကွက်ရှိ ကျန်းမာရေး ဦးစီးဌာနတို့တွင်စုရပ်(၅) နေရာခွဲ၍ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးများ ဆက်လက်ထိုးနှံပေးကြောင်း သိရသည်။

ခင်ဆွေနှင်း(ပြန်/ဆက်)