ကျောက်မဲခရိုင်၊ မြို့နယ်ပေါင်းစုံအမျိုးသမီး ကိုယ်ကာယ ကြံ့ခိုင်မှုလေ့ကျင့်ခန်း(အေရိုးဗစ်) ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

ကျောက်မဲ ဇန်နဝါရီ ၁၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင် မိုးလုံလေလုံအားကစားခန်းမတွင် ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ကျောက်မဲခရိုင်၊ မြို့နယ်ပေါင်းစုံ အမျိုးသမီးကိုယ်ကာယကြံ့ခိုင်မှု လေ့ကျင့်ခန်း၊ (အေရိုးဗစ်)ပြိုင်ပွဲကို ကျင်းပြုလုပ်ခဲ့ပြီး အဆိုပါပြိုင်ပွဲသို့ အမှတ် ၁ စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်၊ စစ်ဦးစီးမှူး (ပထမတန်း) (ဦး/ရေး/ထောက်) ဒုတိယဗိုလ်မှူးကြီး လွင်ဘုန်းအောင်နှင့် ခရိုင်/မြို့နယ် ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်အားပေးခဲ့သည်။

အဆိုပါ ပြိုင်ပွဲကို ကျောက်မဲခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာမှ ကြီးမှူးကျင်းပခဲ့ပြီး ကျောက်မဲ၊ သီပေါ၊ နောင်ချိုနှင့် နမ္မတူမြို့နယ်များမှ ပါဝင်ယှဉ်ပြိုင်ခဲ့သည်။

ယင်းနောက် ဆုချီးမြှင့်ပွဲအခမ်းအနားကို အဆိုပါ မိုးလုံလေလုံခန်းမ၌ ယမန်နေ့မွန်းလွဲ ၁ နာရီခွဲ အချိန်က ဆက်လက်ကျင်းပပြုလုပ်ခဲ့ရာ  တံခွန်စိုက်ဒိုင်းဆု၊ ၅ ယောက်တွဲ ပြိုင်ပွဲ ဒုတိယဆု၊ ၃ ယောက်တွဲပြိုင်ပွဲ ပထမဆု၊ တစ်ဦးချင်းပြိုင်ပွဲ ပထမဆုနှင့် ဒုတိယဆုကိုရရှိခဲ့သည့် ကျောက်မဲမြို့မှ ပြိုင်ပွဲဝင်များ၊  ၅ ယောက်တွဲပြိုင်ပွဲတွင် ပထမဆု၊ ၃ ယောက်တွဲပြိုင်ပွဲတွင် ဒုတိယဆုရရှိခဲ့သည့် နောင်ချိုမြို့နယ်မှ ပြိုင်ပွဲဝင်များ၊  တစ်ဦးချင်းပြိုင်ပွဲတွင် တတိယဆု ရရှိခဲ့သည့် နမ္မတူမြို့နယ်မှပြိုင်ပွဲဝင်များနှင့် တစ်ဦးချင်းပြိုင်ပွဲတွင် နှစ်သိမ့်ဆုရရှိခဲ့သည့် သီပေါမြို့နယ်မှ ပြိုင်ပွဲဝင်များတို့အား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့အတွင်းရေးမှူး ဒုတိယရဲမှူးကြီး ဦးနိုင်ထွန်းသူ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ကျောက်မဲခရိုင်ဦးစီးမှူး၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ နှင့်တာဝန်ရှိသူများက ဆုများ အသီးသီးချီးမြှင့်‌ပေးခဲ့ကြောင်း သိရှိရသည်။

ယခုပြိုင်ပွဲမှ အကောင်းပြိုင်ပွဲဝင် ၉ ဦးကို ထပ်မံရွေးချယ်၍တောင်ကြီးမြို့၌ ကျင်းပမည့် ပြည်နယ်အဆင့်ပြိုင်ပွဲသို့ ဆက်လက်စေလွတ်ယှဉ်ပြိုင်သွားစေမည် ဖြစ်ကြောင်း ခရိုင်အားကာမှူး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သန်းသန်းနွယ်၏ ပြောကြားချက်အရ သိရသည်။

မိုင်းထွန်း(ပြန်/ဆက်)