သီပေါမြို့နယ်တွင် တိုက်ပွဲရှောင်ပြည်သူများအား တစ်ကိုယ်ရေ သန့်ရှင်းရေးသုံး ကျန်းမာရေးပစ္စည်းများနှင့် ခြုံစောင်များထောက်ပံ့ပေးအပ်

သီပေါ ဇန်နဝါရီ ၁၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ဘော်ကြိုကျေးရွာ ဘော်ကြိုဘုရားကြီးတွင် ရောက်ရှိနေသော တိုက်ပွဲရှောင်ပြည်သူများအတွက် Hygiene Kit များနှင့် ခြုံစောင်များ ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက အဆိုပါ တိုက်ပွဲရှောင်စခန်းတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သီပေါမြို့နယ် ကျင်သီ၊ ပုံဖမ်း၊ တွန်ဆောက်၊ ဆွန်အွိုက်၊ လောင်ခွန်၊ တဲစန်း စသည့် ကျေးရွာ(၆)ရွာမှ ဒေသခံပြည်သူ အိမ်ထောင်စု (၁၃၆)စုမှ လူဦးရေ(၃၀၅)ဦးတို့သည် ဘော်ကြိုကျေးရွာ ဘော်ကြိုဘုရားကြီးသို့ တိုက်ပွဲရှောင်ရန် ရောက်ရှိ နေခြင်းဖြစ်ပြီး အဆိုပါ တိုက်ပွဲရှောင် ပြည်သူများအတွက် ပြည်နယ်ကြက်ခြေနီ ကြီးကြပ်မှု ကော်မတီဥက္ကဌနှင့် ထောက်ပံ့ရေးအရာရှိတို့က  တစ်ကိုယ်ရေသန့်ရှင်းရေးသုံး ကျန်းမာရေးပစ္စည်း (၁၀)မျိုးပါ Hygiene Kit များ၊ ခြုံစောင်များထောက်ပံ့ပေးအပ်ရာ သီပေါမြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌ ဦးစိုင်းဇော်ဝင်းနှင့် တပ်ဖွဲ့ဝင်များ၊ ဘော်ကြိုကျေးရွာကြက်ခြေနီတပ်ဖွဲ့ဝင်များက ပူးပေါင်းကူညီဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

သီပေါမြို့နယ်အတွင်းရှိ စေတနာရှင် အလှူရှင်များက ဘော်ကြိုကျေးရွာ ဘော်ကြိုဘုရားကြီးတွင် ရောက်ရှိနေသော တိုက်ပွဲရှောင်ပြည်သူများအတွက် သောက်ရေသန့်များ၊ မုန့်နှင့် အချိုရည်များကို လှူဒါန်းပေး ခဲ့ကြကြောင်း သိရသည်။

ခင်လေး(သီပေါ၊ပြန်/ဆက်)