မိတ္ထီလာ ဇန်နဝါရီ ၁၁
မိတ္ထီလာမြို့နယ်အတွင်းရှိ အသက် ၁၈ နှစ်နှင့်အထက် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိုးနှံရန် လျာသူဦးရေ၏ ၅၃.၇၄ ရာခိုင်နှုန်းကို အဆိုပါကာကွယ်ဆေးများ ထိုးနှံပြီးစီးပြီဖြစ်ကာ ကျန်ရှိသူနေများကို ဆက်လက်ထိုးနှံ ပေးသွားမည်ဖြစ် ကြောင်းမြို့နယ်ကိုဗစ်၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှတာဝန်ရှိသူတစ်ဦးထံက သိရသည်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၄ ရက်နေ့အထိ မိတ္ထီလာမြို့နယ်အတွင်းမှာ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးပေး ဖို့လျာထားသူဦးရေရဲ့ ၅၃.၇၄ ရာခိုင်နှုန်းကို ကာကွယ်ဆေးများ ထိုးနှံပေးပြီး ဖြစ်ပါတယ်။ ကာကွယ်ဆေးထိုးနှံဖို့ကျန်ရှိနေသူများကိုလည်း ဆက်လက်ထိုးနှံပေးသွားမှာဖြစ်ပါတယ်။ မိတ္ထီလာမြို့နယ် အတွင်းမှာ စုစုပေါင်း ၂၈ဝ၁၇၄ ဦးကို ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံပေးဖို့လျာထားတာဖြစ်ပြီး လက်ရှိ ပထမအကြိမ် ထိုးနှံပြီးစီးသူ ၁၅ဝ၅၆၃ ဦး ၊ ဒုတိယအကြိမ် (နှစ်ကြိမ်စလုံး) ထိုးနှံပြီးစီးသူ ၁၃၆၅၅၄ ဦး ရှိပါတယ်။ အသက် ၁၂ နှစ်အထက် ကျောင်းသူကျောင်းသားများနဲ့ အသက် ၁၈ နှစ်အထက်ရှိသူ ဦးတည်အုပ်စုအလိုက် ကာကွယ်ဆေးထိုးနှံပေးရမယ့်သူတွေရဲ့ ၅၇.၇၄ ရာခိုင်နှုန်းကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးပြီးဖြစ်ပါတယ်ဟု မြို့နယ် ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
မိတ္ထီလာမြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာအုပ်စုများတွင် နေထိုင်ပြီး ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ပထမအကြိမ် နှင့် ဒုတိယအကြိမ်ထိုးနှံမည့်သူများအား ဇန်နဝါရီလ ၁၂ ရက်နေ့မှ ၂၈ ရက်နေ့အထိ သက်ဆိုင်ရာကာကွယ်ဆေးထိုးစုရပ်များတွင် အဆိုပါကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ချမ်းသာ