မိုင်းပျဉ်း ဇန်နဝါရီ ၁၁
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့တွင် ဇန်နဝါရီလ၁၁ရက်နေ့က ကိုဗစ်-၁၉ရောဂါ၏ ဗီဇပြောင်းမျိုးကွဲတစ်မျိုးဖြစ်သည့် အိုမီခရွန်ရောဂါပိုး ကြိုတင်ကာကွယ်တားဆီးနိုင်ရေးအတွက် အသိပညာပေးနှိုးဆော်မှုများကို ကိုဗစ်-၁၉ရောဂါကာကွယ်ရေးနည်းလမ်းများနှင့်အညီ အရှိန်အဟုန်မပျက် ဆက်လက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မိဘပြည်သူများအနေဖြင့် ကိုဗစ်-၁၉ဗီဇပြောင်းမျိုးကွဲ အိုမီခရွန်ရောဂါပိုးကြိုတင်ကာကွယ်နိုင်ရန် တတ်နိုင်သမျှ မိမိအိမ်၌သာနေရန်၊ပြင်ပဧည့်သည်များအား အိမ်တွင်လက်မခံကြရန်၊ မဖြစ်မနေ အပြင်ထွက်ရပါက နှာခေါင်းစည်းတပ်ဆင်ရန်၊ တစ်ဦးနှင့်တစ်ဦး (၆)ပေအကွာမှ နေထိုင်ပြောဆိုကြရန်၊ လူစုလူဝေးပြုလုပ်သွားလာခြင်းများ ရှောင်ကြဉ်ကြရန်နှင့် ရောဂါပိုးကူးစက်သည်ဟု သံသယရှိပါက နီးစပ်ရာကျန်းမာရေးဌာနများသို့ သွားရောက်၍ ဆေးကုသမှုခံယူကြပါရန်နှင့် ကာကွယ် ဆေးထိုးနှံမှုများကိုလည်း မပျက်မကွက် လိုက်နာဆောင်ရွက်ကြပါရန် စသည့်အချက်များကို အသိပညာပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မိုင်းပျဉ်းမြို့နယ်ရုံးအနေဖြင့် အသိပညာပေးနှိုးဆော်ခြင်းလုပ်ငန်းများကို လူစည်ကားရာနေရာများတွင်သာမက မြို့ပေါ်ရပ်ကွက်နှင့်ကျေးရွာ များသို့လည်းကွင်းဆင်း၍ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ခင်သန္တာအောင်(ပြန်/ဆက်)