ရန်ကုန် ဇန်နဝါရီ ၁၁
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရန် ရည်ရွယ်၍ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံရေး နှိုးဆော်ခြင်းကို ယနေ့ နံနက်ပိုင်းက မြို့နယ်အတွင်းရှိ ရပ်ကွက်များသို့ မော်တော်ယာဉ်ဖြင့် လှည့်လည်ကာ နှိုးဆော် ခဲ့သည်။
နှိုးဆော်ရာတွင် အင်းစိန်မြို့နယ်၊ စည်ပင်သာယာ အုပ်ချုပ်ရေးမှူး ဦးဝင်းနိုင်၏ လမ်းညွှန်မှုဖြင့် မြို့နယ်စည်ပင်သာယာရေး ဝန်ထမ်းများက ပြည်သူများ နေအိမ်ပြင်ပသို့ ထွက်လာပါက နှာခေါင်းစည်း တပ်ဆင်ပြီး ထွက်ခွာရန်၊ တစ်ဦးနှင့်တစ်ဦး ၆ ပေ အကွာမှ နေကြရန်၊ ပြင်ပဧည့်သည်များ လက်မခံရန်၊ မလိုလားအပ်ဘဲ ပြင်ပသို့မထွက်ကြရန်၊ လက်ကိုဆပ်ပြာဖြင့် ဆေးကြောရန်၊ လေဝင်လေထွက် ကောင်းသော နေရာများတွင် နေထိုင်ရန်၊ ပြည်သူများအားလုံး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ထိုးနှံကြရန်၊ သတ်မှတ်ထားသော နေရာများတွင် စနစ်တကျ ထိုးနှံနိုင်ရေး ဆောင်ရွက်ကြရန်၊ ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန် အကြောင်းသိကောင်းစရာများနှင့် ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များနှင့်အညီ နေထိုင်ကြရန်စသည့် ကိုဗစ်-၁၉ ရောဂါအကြောင်း သိကောင်း စရာများကို မြို့နယ်အတွင်းရှိ ရပ်ကွက်များသို့ မော်တော်ယာဉ် လှည့်လည်ကာ အသံချဲ့စက်ဖြင့် အသိပညာပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)