တာမွေမြို့နယ်တွင် စာဖတ်ဝိုင်းကျင်းပ

ရန်ကုန် ဇန်နဝါရီ ၁၁

ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်အတွင်းရှိ ပြည်သူများ စာဖတ်ခြင်းဖြင့် အသိဉာဏ်ပညာဗဟုသုတများ တိုးပွားလာစေရန်နှင့် အသိပညာများမှတစ်ဆင့် စဉ်းစားတွေးခေါ် တတ်လာပြီး အတတ်ပညာများအဖြစ်သို့ ပြောင်းလဲကာ နိုင်ငံ့အကျိုး သယ်ပိုးထမ်းဆောင်နိုင်သည့် နိုင်ငံ့သားကောင်း များ ဖြစ်လာစေရန်  ရည်ရွယ်ပြီး တာမွေမြို့နယ် စာပေဝါသနာရှင်များမှ စီစဉ်ကျင်းပသော "မိခင်၏ စွန့်လွှတ်အနစ်နာခံမှု" ခေါင်းစဉ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲ ကို ယနေ့နံနက်ပိုင်းအချိန်က တာမွေမြို့နယ် အဝေရာလမ်းရှိ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ Social Distancing စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ စာဖတ်ဝိုင်းဆွေးနွေးပွဲတွင် စာရေးဆရာမညွန့်ညွန့် (ကလော) က စာရေးဆရာ ကျော်ဝင်းဟိန်း (ပခုက္ကူ) ရေးသားသည့် နှလုံးသားယဉ်ကျေးမှု စာစုများ စာအုပ်မှ "မိခင်၏ စွန့်လွှတ်အနစ်နာခံမှု" ခေါင်းစဉ်တွင် စာရေးသူက “မစွမ်းမသန်သူတွေအပေါ် ဘယ်တော့မှ အမုန်းမပွားသင့်ကြောင်း၊ ကိုးလလွယ်၊ ဆယ်လဖွား အသက်နဲ့ရင်းပြီး မွေးဖွားပေးခဲ့တဲ့ ကျေးဇူးရှင် မိခင်များအပေါ် မလေးမစား ဆက်ဆံမှုတွေ မပြုလုပ်သင့်ပါကြောင်း၊ မိမိသားသမီးများအတွက် ဆိုရင် အရာရာမှာ စွန့်လွှတ် အနစ်နာခံတတ်တဲ့ မိဘတွေရဲ့ မြင့်မိုရ်တောင်မက ကြီးမားလှတဲ့ မေတ္တာတရားတွေကို လျှော့မတွက်သင့်ပါကြောင်း၊ မိဘတွေဟာ သားသမီးတွေရဲ့ ဘဝလှပဖို့ အတွက်ဆိုရင် ပြုစုပျိုးထောင်တဲ့နေရာမှာ သူတို့ဘဝထက်သာအောင်၊ ဘဝအခြေမြင့်အောင်၊ တင့်တင့်တယ်တယ် နေထိုင်နိုင်အောင် သူတို့ရဲ့ ဘဝတွေကို ပုံအောပြီး ပြုစုပျိုးထောင်ပေးတဲ့ ဘဝဥယျာဉ်မှူးတွေ ဖြစ်ပါကြောင်း၊ မိဘတွေဟာ သားသမီးတွေ မှန်ကန်တဲ့လမ်းကို လျှောက်လှမ်း နိုင်အောင် ထိန်းကျောင်းပေးတတ်တဲ့ ပဲ့ကိုင်ရှင်တွေလည်း ဖြစ်သလို၊ သားသမီး တွေရဲ့ အပြောအဆို၊ အပြုအမူ၊ အမူအရာတွအပေါ်မှာ ချိုမြိန်လှတဲ့ အပြုံးတွေနဲ့ သည်းခံခွှင့်လွှတ် နားလည် ပေးတတ်တဲ့ နှလုံးလှ ပိုင်ရှင်များဖြစ်ပါကြောင်း၊ (၃၈) ဖြာမင်္ဂလာနှင့်အညီ သားသမီးတွေကလည်း မိဘတွေကို ချစ်ခြင်းမေတ္တာတရား အပြည့်အဝထားပြီး ပြန်လည်ပြုစု စောင့်ရှောက်သင့်ပါကြောင်း" စသည်ဖြင့် အသိပညာပေး ရေးသားထားကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက် လာကြသော စာပေ ဝါသနာရှင်များကလည်း စာရေးဆရာ ကျော်ဝင်းဟိန်း (ပခုက္ကူ) ၏ " နှလုံးသားယဉ်ကျေးမှု စာစုများ " စာအုပ်တွင် ပါဝင်သော အကြောင်းအရာများနှင့် ပတ်သက်၍ တစ်ဦးချင်းစီအလိုက် ရှင်းလင်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

နိုင်လင်းအောင်(ပြန်/ဆက်)