ကြက်ခြေနီအသင်း(အင်းစိန်)က ပြည်သူများအား နေ့စဉ်ကျန်းမာရေးစောင့်ရှောက်မှုပေးလျက်ရှိ

ရန်ကုန် ဇန်နဝါရီ ၁၁

ရန်ကုန်မြောက်ပိုင်းခရိုင် အင်းစိန်မြို့နယ်နေ ပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှု လိုအပ် ချက်များကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် ကြက်ခြေနီအသင်း(အင်းစိန်)မှ တာဝန်ရှိသူများက ရှေးဦးပြုစုနည်းဖြင့် ကျန်းမာရေးစောင့်ရှောက်မှုများကို အကူ အညီလိုအပ်သော ပြည်သူများထံ အိမ်အရောက်သွားရောက်ဆောင်ရွက်ပေးလျက်ရှိသည်။

အင်းစိန်မြို့နယ်၌ ယမန်နေ့က ရွာမအရှေ့ရပ်ကွက်မှ ဝမ်းလျှောဝမ်းပျက်ဖြစ်နေသော အမျိုးသား တစ်ဦးအား တာဝန်ရှိသူများက နေအိမ်မှ ကွယ်ကဘောဆေးရုံသို့ ပို့ဆောင်ခြင်းနှင့် ဈေးကုန်း အရှေ့ရပ်ကွက်မှ အဖွားအိုတစ်ဦး ကိုယ်ခံအားနည်းနေသဖြင့် ဆေးရုံသို့ ပို့ဆောင်ပေးရန် အကူအညီ တောင်းခံသဖြင့် တာဝန်ရှိသူများက နေအိမ်သို့သွားရောက်၍ ရှေးဦးပြုစုနည်းဖြင့် ကျန်းမာရေး စောင့်ရှောက်မှုပေးပြီး သီရိစန္ဒာဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်။မြို့နယ်အတွင်းမှ ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးနိုင်ရန်အတွက် ကြက်ခြေနီအသင်း(အင်းစိန်)မှ တာဝန်ရှိသူများက လူနာတင်ယာဉ်သုံးစီးဖြင့် အိမ်အရောက် ကျန်းမာရေးစောင့်ရှောက်မှုများကို ၂၄ နာရီ ဆောင်ရွက်ပေးနေခြင်း ဖြစ်သည်။

ထို့အပြင် ကြက်ခြေနီအသင်း(အင်းစိန်)အနေဖြင့် လစဉ် ၂၁ ရက်နေ့မှ လအကုန်အထိ အင်းစိန်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လာထုတ်ကြသည့် သက်ကြီးဘိုဘွားများကိုလည်း ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိသည်။

ဇွဲထက်ကို(ပြန်/ဆက်)