မိုင်းပန်ဇန်နဝါရီ ၁၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါနှင့် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ Omicron (အိုမီခရွန်) ရောဂါ ကူးစက် ပြန့်ပွားမှုကို ထိရောက်စွာ ကာကွယ် နိုင်ရန်နှင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများတွင် ပြည်သူလူထု ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ အသိပညာပေး နှိုးဆော်ခြင်း ယမန်နေ့ ညနေ(၄)နာရီအချိန်က မြို့ပေါ်ရပ်ကွက် များအတွင်း Hand Speaker ဖြင့် လှည့်လည်နှိုးဆော်ခဲ့သည်။
အိုမီခရွန် မျိုးကွဲသစ်သည် မူလကိုဗစ်-၁၉နှင့် လုံးဝမတူတော့ခြင်း၊ လက်ရှိ ကာကွယ်ဆေးများ၏ ထိရောက်မှုလျော့ကျနိုင်ခြင်း၊ ယခင်ကိုဗစ်-၁၉ ရောဂါ ဖြစ်ဖူး သူများလည်း ထပ်မံဖြစ်ပွား နိုင်ခြင်းနှင့် ရောဂါကူးစက်မှု ပိုမိုမြန်ဆန်ခြင်းတို့ကြောင့် ပြည်သူလူထုအနေဖြင့် ပြင်ပမှ ဧည့်သည်များလက်မခံရန်နှင့် အခြားသူများ ထံသွားရောက်ခြင်းမပြုရန်၊ အပြင်ထွက်ပါက ပါးစပ်နှာခေါင်းစည်း (Mask) ကို စနစ်တကျတပ်ဆင်၍ သွားလာကြရန်၊ လက်ကိုမကြာခဏ ဆပ်ပြာနှင့် စနစ်တကျ စက္ကန့် (၂၀) ကြာဆေးကြောရန်၊ လူထူထပ်သည့် နေရာများသို့ သွားရောက်ခြင်းမှ ရှောင်ကြဉ်ရန်၊ နှာခေါင်းစည်း (Mask) မတပ်ဆင် ထားသောသူများနှင့် တွေ့ဆုံခြင်း စကားပြောခြင်း၊ ဈေးဝယ်ခြင်းမှ ရှောင်ကြဉ်ရန်စသည့် ကျန်းမာရေးအသိပညာပေး လုပ်ငန်းများကို လှည့်လည် အသိပေးနှိုးဆော်ခဲ့သည်။
အဆိုပါ အသိပညာပေးနှိုးဆော်ခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်း များက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မိုင်းပန်(ပြန်/ဆက်)