မိတ္ထီလာခရိုင် စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေးကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

မိတ္ထီလာ ဇန်နဝါရီ ၁၁

မိတ္ထီလာခရိုင် စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေးလုပ်ငန်းကော်မတီ၏ ၂ဝ၂၁-၂ဝ၂၂ ဘဏ္ဍာနှစ် (၆)လ ဒေသန္တရစီမံကိန်း ( ပြည်ထောင်စု/တိုင်းဒေသကြီး) ရည်မှန်းချက်များအပေါ် သက်ဆိုင်ရာဌာနအလိုက် လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်မှုအခြေအနေများနှင့် ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁ဝ နာရီအချိန်က ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမတွင် ကျင်းပကြောင်း သိရသည်။

ရှေးဦးစွာ အဆိုပါလုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ခရိုင်စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်ဦးက အမှာစကားပြောကြားသည်။ ဆက်လက်၍ မိတ္ထီလာခရိုင်အတွင်းရှိ မိတ္ထီလာ၊ မလှိုင်၊ ဝမ်းတွင်းနှင့် သာစည်မြို့နယ်များမှ မြို့နယ်စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေးလုပ်ငန်း ကော်မတီဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများက လုပ်ငန်းဆောင်ရွက်ထားမှု အခြေအနေများကို  ရှင်းလင်းတင်ပြကြသည်။ အဆိုပါ ရှင်းလင်းတင်ပြချက်များအပေါ် အစည်းအဝေးတက်ရောက်လာကြသူများက လိုအပ်သည်များကို ဆွေး‌နွေးခဲ့ကြပြီး ခရိုင်စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်နိုင်ရေးကို ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

ချမ်းသာ