စဉ့်ကိုင်မြို့နယ်တွင်အသက်(၁၈)နှစ်အထက်ပြည်သူများအားကိုဗစ် - ၁၉ရောဂါကာကွယ်ဆေး(၁၀၄၀၁၈) ဦးထိုးနှံပေးပြီးဖြစ်

စဉ့်ကိုင်     ဇန်နဝါရီ   ၁၁

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်အတွင်းရှိ  ရပ်ကွက်/ကျေးရွာများမှ အသက်(၁၈)နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိရာ ယမန်နေ့ အထိ (၁၀၄၀၁၈) ဦး ထိုးနှံပေးပြီးဖြစ်ကြောင်း သိရသည်။

ထိုသို့   ကာကွယ်ဆေးများ  ထိုးနှံပေးရာတွင်  မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့်  ဒုမြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသိမ့်အိသူ (ပြည်သူ့ကျန်းမာ)၊ ပလိပ်တိုက်နယ်ဆေးရုံတွင် ဒေါက်တာသက်ကိုကိုလွင်(ရောဂါ နှိမ်နှင်းရေး)၊ ကျောက်ဆည်တက္ကသိုလ်တွင် ဦးစောအေး (ကျန်းမာရေးမှူး)တို့က ဦးဆောင်၍  ကျန်းမာရေး၀န်ထမ်းများ၊  မြို့နယ်အထွေထွေ  အုပ်ချုပ်ရေးဦးစီးဌာနမှ ၀န်ထမ်းများ၊ ပညာရေးဌာနမှ ၀န်ထမ်းများ၊ မီးသတ်တပ်ဖွဲ့၀င်များ၊မြို့နယ် ကြက်ခြေနီ သူနာပြု တပ်ဖွဲ့၀င်များ၊ ပရဟိတအသင်းအဖွဲ့၀င်များ၊  ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ ကာကွယ်ဆေး ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

စဉ့်ကိုင်မြို့နယ်အတွင်း  ကိုဗစ်-၁၉ ကူးစက်ရောဂါ  ကာကွယ်ထိန်းချုပ်  ကုသရေးကော်မတီဥက္ကဋ္ဌ ၏ကြီးကြပ်မှုဖြင့်  Omicron အပါအဝင်  ကိုဗစ်-၁၉   မျိုးရိုးဗီဇပြောင်းရောဂါပိုးကို သတိပြု ကာကွယ်ရန်နှင့်ကူးစက်  ပြန့်ပွားမှုမဖြစ်စေရေး၊  ကြိုတင်ကာကွယ် တားဆီးနိုင်စေရန်နှင့်  ရောဂါ ကူးစက်မှု   လျော့နည်းစေရေးအတွက် သက်ဆိုင်ရာ   မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ  ကြီးကြပ်၍ ဌာနဆိုင်ရာများ၊ မီးသတ် တပ်ဖွဲ့၀င်များ၊  ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ပရဟိတအဖွဲ့ ၀င်များနှင့် ပူးပေါင်းပြီး  ပြည်သူများသိရှိလိုက်နာစေရန်၊   အသံချဲ့စက်များ ၊ Hand Spaker များဖြင့်  လှည့်လည်ပြီး   အသိပညာပေး နှိုးဆော်ခြင်း၊ ရပ်ကွက်/ကျေးရွာများအတွင်း  ပိုးသတ်ဆေးများ  ဖြန်းပေးခြင်း၊  ဒေသန္တာရ စည်းကမ်းချက်များ၊ ကျန်းမာရေး၀န်ကြီးဌာနက ထုတ်ပြန်ထားသော  ညွှန်ကြားချက်များအတိုင်း လိုက်နာမှု ရှိ/မရှိ စစ်ဆေးခြင်းအသိပညာပေး လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိပြီး ဇန်နဝါရီ(၁၀)ရက်နေ့ထိ First Dose (၅၆၄၂၆) ဦးနှင့် Second Dose (၄၇၅၉၂)ဦးတို့အား ထိုးနှံပေးပြီးဖြစ်ရာ  ကျန်ရှိသူများကိုလည်း မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနက  ဆက်လက်ထိုးနှံပေးသွားမည်   ဖြစ်ကြောင်း သိရသည်။

ညိုညိုဝင်း