မိုင်းဖြတ်၌ သင်ကြားမှု၊ သင်ယူမှုမထိခိုက်စေဖို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးကြစို့ ဗွီနိုင်းစိုက်ထူးခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေ

မိုင်းဖြတ်၊ ဇန်နဝါရီ ၁၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် သင်ကြားမှု၊ သင်ယူမှုမထိခိုက်စေရေး အတွက် တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရေး  အသိပညာပေး ဗီနိုင်းစိုက်ထူခြင်းကို  လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်းကို ယမန်နေ့ညနေပိုင်းက  မြို့နယ်ပြည်သူ့ပန်းခြံရှေ့၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးပြည့်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဦးထွန်းရွှေ၊ မြို့နယ်စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦးစိုင်းအေးမင်း၊ လူမှုဝန်ထမ်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်သိမ့်သိမ့်ထွန်းနှင့်ပူးပေါင်းအဖွဲ့က  “သင်ကြားမှု၊ သင်ယူမှုမထိခိုက်စေဖို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးကြပါစို့” ဗီနိုင်ကို မြို့နယ်ပြည်သူ့ပန်းခြံရှေ့၌ စိုက်ထူးခဲ့သည်။ ထို့နောက် အဆိုပါပူးပေါင်း အဖွဲ့က အထက(မိုင်းဖြတ်) ကျောင်းရှေ့တွင် ကျောင်းသားမိဘများ၊ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကင်စင်သော တက္ကသိုလ်နေ့ရက်များဆီသို့ အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေ ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေးလက်ကမ်းစာစောင်၌ သင်ကြားမှု သင်ယူမှုမထိခိုက်စေဖို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံရေး အသိပေးနှိုးဆော်ချက်များ၊ ကာကွယ်ဆေး(၂)ကြိမ်ထိုးနှံပြီးပါက ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေး၊ ပြည်သူလူထုအတွင်း ကာကွယ်ဆေးလွှမ်းခြုံမှုမြင့်မားလာပြီး ရောဂါဖြစ်ပွားမှုကို ပိုမိုတားဆီးကာကွယ်နိုင်ရေး စသည့်အချက်များပါရှိကြောင်း သိရသည်။

သန်းထွန်းအေး